(ခ)-ရေးမြို့နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်ပြင်ပစွန့်လွှတ်ရန်ကျန်ရှိနေသောလယ်ယာမြေ များအား ပြည်သူများလက်ထဲသို့ ပြန်လည် စွန့်လွှတ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးချိန်တွင် ပြည်သူလူထုက တင်ပြလာသည့်အခါ တပ်မတော်ကစွန့်လွှတ်လိုက်သော လယ်ယာမြေတပ်ရင်း ၄ ခု ရှိပါကြောင်း၊ ယင်းတပ်ရင်းများမှာ ခမယ (၄၃၁) သည် အန်တင်ရွာ၊ တူးမြောင်းရွာ၊ သင်္ဃန်းကျွန်းရွာ လယ်ယာမြေ ၄၂၅.၆၇ ဧက၊ အမြောက်သား (၃၁၆) သည် အန်တင်ရွာ ၂၀၂.၅၄ ဧက၊ ခလရ ၆၁ သည် ဒူးရားရွာနှင့် တူးမြောင်းရွာတွင် ၅၈.၄၃ ဧက၊ ခလယ (၁၀၆) သည် နစ်ကရင်ရွာနှင့် လေးလမိုင်းရွာတွင် ၁၀၀.၇၄ ဧက စွန့်လွှတ်ထားပါကြောင်း၊ တပ်ရင်း ၄ ရင်းနှင့် စုစုပေါင်း စွန့်လွှတ်ထားသော လယ်ယာမြေက ၈၈၇.၃၈ဧက ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ပြန်လည်စွန့်လွှတ်ပေးသည့် အတွက်ကြောင့် ပြည်သူလူထုက ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိပါကြောင်း၊ ကျန်နေသော တပ်ရင်း ၇ ရင်းအနေဖြင့်လည်း ဒီမိုကရေစီနိုင်ငံဆိုသည့်အတွက် တန်းတူအခွင့်အရေးဆိုသည် ပြန်တန်းချက်နှင့် ကိုက်ညီစေရန် ကျန်ရှိနေသော တပ်ရင်း ၇ ရင်းနှင့် သိမ်းဆည်းထားသော လယ်ယာမြေများကိုလည်း ပြန်လည်စွန့်လွှတ်စေ ချင်ပါကြောင်း၊ ကျန်ရှိနေသောတပ်ရင်း ၇ ရင်းမှာ ခမရ ၅၈၆ သည် တူးမြောင်းရွာတွင် လယ်ယာမြေ ၇၄.၃၁ ဧက၊ ခမရ ၈၇၃ သည် သင်္ဃန်းကျွန်းရွာ၊ သောင်ပုံရွာနှင့် သောင်ပြင်ရွာတို့တွင် ၂၃၁.၉၁ ဧက၊ ကျောင်းရွာရှိ ခမရ ၅၈၃ တပ်ရင်းသည် မော့ကနင်ရွာတွင် ၂၂၈.၈၇ ဧက၊ မော့ကနင်ရှိ ခမရ ၅၈၈ သည် နှစ်ကရင်ရွာတွင် ၂၀၂.၃၄ ဧကဖြစ်ပါကြောင်း၊ ကျောင်းရွာရှိ မခမရ ၅၉၁ သည် မော့ကနင်နှင့် လမိုင်းမြို့တွင် ၂၁၁.၃ ဧက ဖြစ်ပါကြောင်း၊ အမတ ၃၁၇ သည် မော့ကနင်တွင် ၂၀၂.၆၁ ဧက၊ ရေးမြို့ရှိ စကခ ၁၉ သည် အံဒင်ကျေးရွာတွင် လယ်မြေ ၂၀၅ ဧက စုစုပေါင်း တပ်သိမ်းမြေဧက ၁၃၅၆.၄၁ ဧကဖြစ်ပါကြောင်း၊ ရေးမြို့နယ်သည် တပ်မတော်မှ တပ်ပြင်ပ စွန့်လွှတ်ရန် ကျန်ရှိနေသော လယ်မြေများအား ပြည်သူများ လက်ထဲသို့ ပြန်လည်စွန့်လွှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။