(ဃ)-ပခုက္ကူမြို့စည်ပင်သာယာအမှတ်(၂)ဈေးအတွင်း ရှိအာဇာနည်ကျောက်တိုင်အားသင့်တော်သော နေ ရာသို့ ပြောင်းလဲပေးပါရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မိမိတို့မြို့၏ အာဇာနည် ကျောက်တိုင်ကို ဟိုးယခင်က မြို့သူ/မြို့သားများ အလေးအမြတ်ထား ဂုဏ်ယူ အလေးပြုဖွယ်ရာအဖြစ် သီးသန့်ထည်ဝါစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။  နဝတအစိုးရလက်ထက် အာဇာနည်ကျောက်တိုင်ကွင်းကို ဈေးအဖြစ်သတ်မှတ်ပြီး ကျောက်တိုင်ကို ဈေးအတွင်းကို သွင်းခဲ့ခြင်းကြောင့် ဈေး အလယ်တွင် မသန့်မရှင်း၊ မဖွယ်မရာ၊ ဂါရဝပြုရန် ခက်ခဲလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် လွတ်လပ်ရေးကို အသက်ပေး၍ ရယူခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကို အရိုအသေအလေးအမြတ် ဂါရဝပြုခြင်းသည် နိုင်ငံသား တို့၏ မြင့်မြတ်သည့်စိတ်ဓာတ်နှင့် ဖော်ကျူးပြသခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အကြီးအကဲများသိစေရန်အတွက် မိမိမေးမြန်းသည်မှာ (၁) ပခုက္ကူမြို့ရှိ အာဇာနည်ကျောက်တိုင် အားသင့်လျော်သောနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်နည်း။ (၂)မရှိပါက အဘယ့်ကြောင့်နည်းဆိုသည်ကို မေးမြန်းပါသည်။