(က)-စီမံကိန်းနှစ်ပတ်လည်အစီအရင်ခံစာဖြစ်သော ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ အခြေအနေများ တင်ပြချက်ကို ပြည်သူများသို့ထုတ်ပြန်ပေးနှိင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယခုအစိုးရလက်ထက်တွင် ယခင်အစိုးရများနည်းတူ ဘဏ္ဍာနှစ်အလိုက် စီမံကိန်း များ ဆောင်ရွက်မှု၊ ဘဏ္ဍာငွေ သုံးစွဲမှု၊ နှစ်အလိုက်ဘဏ္ဍာငွေရသုံးများကို လွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ အမျိုးသား စီမံကိန်း နှစ်ပတ် လည် အစီရင်ခံစာကို ထပ်ဆင့်ဖြင့် ထုတ်ပြန်သည်ကိုလည်း ကြားသိရ ပါကြောင်း၊ ယခင် အစိုးရများ လက်ထက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ဘဏ္ဍာနှစ် အလိုက် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး အခြေ အနေများ တင်ပြချက်ကို အမှန်စာရင်း၊ ရှေ့ပြေးအမှန်စာရင်း၊ ယာယီစာရင်း တင်ပြချက်များနှင်အညီပြုစုပြီး ထုတ်ပြန်သည်ကို လေ့လာမှတ်သားခဲ့ရပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ယခင် အစိုးရများထုတ်ပြန်သကဲ့သို့ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးတင်ပြချက်များကို ရှင်းလင်းလွယ် ကူသော၊ ပြည်သူများ အလွယ်တကူတင်ပြနိုင်သော ပညာရပ်ဆိုင်ရာ ရေးသားချက်များမဟုတ်သော ပကတိ အခြေအနေများကို ဖော်ပြသော တင်ပြချက်များ နှစ်အလိုက် ထုတ်ပြန်ရန်ရှိ/မရှိ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ပြုစုသော စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာတွင် ယခင်အစိုးရများလက်ထက်က တင်ပြခဲ့သော ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ တင်ပြချက်များအတိုင်း ခြုံငုံသုံးသပ်မှုရှိ/မရှိနှင့် ၎င်းထက် ပိုမိုပြည့်စုံစွာ တင်ပြထားသည်ဟု ယူဆပါက ကန့်သတ်အဆင့်မှပယ်ဖျက်ပြီး ပြည်သူများကို ယခင်ကကဲ့သို့ ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။