(ဆ)-ခန္တီးလေယာဉ်ကွင်းအား သင့်တော်သည့်အ တိုင်းအတာထိ တိုးချဲ့ဆောက်လုပ်ရန် အစီအစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

2020-12-18

ဦးလှထွန်း (ခန္တီး)ခန္တီးလေယာဉ်ကွင်းကို ၁၉၅၂ ခုနှစ် တွင် စတင်ဖောက်လုပ်ခဲ့ပြီး မြစ်ကျောက်စရစ်ခင်းသည့်  ကွင်းဖြစ်ပါသည်။ အကျယ် ၁၀၀ ပေ အလျား ၄၂၀၀ ပေဖြစ်ပြီး ထိုကွင်းကို ၂၀၀၄-၂၀၀၅ ခုနှစ်မှစပြီး ၂၀၀၇-၂၀၀၈ ခုနှစ် အထိ ပေ ၂၅၀၀ ထပ်မံတိုးချဲ့ဖောက်လုပ်ပေးပြီး ကတ္တရာခင်းကွင်း အဖြစ်ဖောက်လုပ်ပေးခဲ့သည့်အတွက်  ယခုအချိန်တွင်ရာသီမရွေး လေယာဉ်တက်ဆင်းနိုင်ပြီဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် လေယာဉ်ကွင်း ထပ်မံတိုးချဲ့ခြင်း၏ မူလရည်မှန်းချက်မှာ ပေ ၁၂၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ထမံသီရေအားလျှပ်စစ်စီမံကိန်း စတင်တည်ဆောက်မည်ဖြစ်ပြီး ဆည်တည်ဆောက်မည့်နေရာတွင် ကျရောက်သောကျေးရွာများကိုလည်း ပြောင်းရွှေ့နေရသည့် အချိန်ဖြစ်ပါကြောင်း၊ ခန္တီးလေယာဉ်ကွင်းကို ပေ ၁၂၀၀၀ ဆောက်လုပ်မည်ဆိုပါက ကွင်း၏တစ်ဝက်သည် အဲဒီဆည်၏ ရေဝပ်ဧရိယာတွင် ကျရောက်မည်ဖြစ်ပြီး ရေလယ်ခေါင်တွင် ကျွန်းသဖွယ် ဖြစ်နေသည့်အတွက် ပေ ၆၇၀၀ ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရပါသည်။

ယခုအခါ ထမံသီရေအားလျှပ်စစ် စီမံကိန်းသည်လည်း ဆိုင်းငံ့ထားခြင်း၊ ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်အပြင် ထန်ပါခွေမြို့နယ်ခွဲ၊ ဒုံဟီးမြို့ နယ်ခွဲများ တိုးချဲ့လိုက်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ ပိုမိုများပြားလာခြင်း၊ ခရီးသွား ပြည်သူများများလာခြင်း၊ နယ်စပ်ဒေသတည်ငြိမ်နေပြီဖြစ်သည့် အတွက်ကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ များပြားလာခြင်းတို့ကြောင့် ၄၂ ဦး ဆံ့လေယာဉ်များနှင့် မလုံလောက်ခြင်းတို့ကြောင့် ၇၂ ဦးဆံ့လေယာဉ်များ ပြေးဆွဲနေရပါသည်။ ၎င်း ၇၂ ဦးလေယာဉ်များ တက်ဆင်းသည့်အခါ ကွင်း၏ အလျားတိုသည့်အတွက်ကြောင့် ရံဖန်ရံခါအခက်အခဲကြုံတွေ့ရပါကြောင်း၊ ၎င်းအပြင် ခန္တီးလေယာဉ်ကွင်း နယ်စပ် ဒေသလုံခြုံရေးအတွက် အင်မတန်မှ အရေးကြီးအချက်အချာကျသည့် ကွင်းလည်းဖြစ်နေပါသည် သို့ဖြစ်ပါ၍ ခန္တီးလေယာဉ်ကွင်းပြေးလမ်းအား သင်တော့်သည့်အတိုင်းအတာအထိ တိုးချဲ့ ဖောက်လုပ်ရန် အစီအစဉ်ရှိ/ မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။