(စ)-မြန်အောင်မြို့နယ်၊ ငါးကတ်ကျကျေးရွာအုပ်စုရှိ ယာမြေများပေါ်တွင် ပုဂ္ဂလိကပိုင် ရေနံချက်ဖို ၂၁ ခု ရှိနေခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အနေဖြင့် မည်ကဲ့သို့ အရေးယူပေးမည်ကို သိလို သည်နှင့် စပ်လျဉ်းသည့် မေးခွန်း
ပုသိမ်-မုံရွာကားလမ်းဘေး တောင်ကုန်းပေါ်တွင် မြေဧက ၈၀ ကျော်ခန့်ရှိ တောင်ယာမြေ များပေါ်တွင် ပြည်တွင်းဖြစ်ရေနံချက်ဖိုကြီးများ ဆီတင် Boxer ကားကြီးများ၊ PRADOနှင့် လင်ခရူဇာကားများ စသည်ဖြင့် စက်မှုဇုန်ကြီးအလား တွေ့မြင်ရပါကြောင်း၊ အဆိုပါနေရာများရှိ ပြည်တွင်းဖြစ် ရေနံချက်ဖိုကြီးများတွင် နည်းပညာ ချို့တဲ့မှုကြောင့် လောင်စာထင်းကို အသုံးပြုကြပါကြောင်း၊ ထိုကဲ့သို့ အသုံးပြုရသော လောင်စာထင်း ကုန်ကျ မှုကို တွက်ချက်မည် ဆိုပါက ရေနံချက်ဖိုကြီး ၂၁ ဖိုအတွက် လောင်စာထင်းကုန်ကျမှုသည် တစ်နေ့လျှင် ကုဗပေ ပေါင်း ၇၅၆၀ ခန့် ကုန်ကျနေပါကြောင်း၊ ယခု တစ်လ နှစ်လအတွင်းမှာပင် အနီးပတ်ဝန်းကျင် တောင်များတွင် သစ်များ အကုန်ပြုန်းတီးကုန်ပါကြောင်း၊ အဆိုပါ ရေနံဖိုကြီး၏ ဘေးထွက်စွန့်ပစ္စည်းများ၏ အန္တရာယ်များသည် လည်း သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ဒေသခံ မိဘပြည်သူများသည် အင်မတန် စိုးရိမ်နေကြပါကြောင်း၊ အထူးသဖြင့် စွန့်ပစ်ပစ္စည်းအများစုသည် တောင်ပေါ် အမြင့်တွင် ရှိနေခြင်း ကြောင့် အနီးအနား ကျေးရွာနယ်မြေသို့ တစ်နည်းနည်းဖြင့် ကျဆင်းလာမည်ကိုလည်း ဒေသခံများက အင်မတန် စိုးရိမ်ကြောင့်ကြနေပါကြောင်း၊ ရေနံလုပ်ငန်းရှင်များအတွက်မူ ရေနံ ချက်ဖိုတစ်ဖို သုံးရက်ချက်လုပ်ပါက တစ်ကြိမ်ကို သိန်း ၂၀ ခန့်မြတ်သည်ဟုလည်း သိရှိရပါကြောင်း၊ မိမိအနေဖြင့် မေးမြန်းလိုသည်မှာ (၁) ပြည်တွင်းဖြစ်ရေနံချက်လုပ်ငန်းခြင်းများရှိနေခြင်းကို နိုင်ငံတော်အစိုးရသိရခြင်း ရှိ/မရှိကို လည်းကောင်း၊ ရေနံချက်ဖိုများ အနေဖြင့် မည်သည့်ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည်လည်းကောင်း၊ (၂) တစ်နေ့လျှင် သစ်ကုဗပေ ၇၅၆၀ လောင်စာထင်းအဖြစ်အသုံးပြုနေ၍ သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုကို သိရှိ/မရှိကို လည်းကောင်း၊ (၃)ထင်းနှင့်အစားထိုးလောင်စာ အခြားလောင်စာမသုံးစွဲနိုင်ပါက စက်ရုံများကို ရပ်ဆိုင်းပေးထားပါရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း၊ (၄)ရေနံချက်လုပ်ငန်းကြီးများအပေါ်မှ နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာမည်မျှ ရရှိပါသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။