(က)-ရခိုင်ပြည်နယ်တွင်ဆောင်ရွက်လျက်ရှိသောမီး ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းသည် မည် သည့်နှစ်တွင်ပြီးဆုံးမည်နှင့်လက်ရှိဆောက်လုပ်မှု အခြေအနေကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်တွင် မိုးများခြင်း၊ တောတောင်ထူထပ်ခြင်း၊ မြစ်ချောင်းအင်းအိုင်ပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းများရင်ဆိုင်ရပြီး တိုးတက်မှုနှေးကွေးနေ ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်မှ မီးရထားလမ်းဖောက်လုပ်ရန် ကြိုးစားလုပ်ဆောင်ပေးခဲ့ရာ မြေမျက်နှာသွင်ပြင် အနေအထားအရ လုပ်ငန်းပြီးစီးမှု အားနည်းနေခဲ့ ပါကြောင်း၊ ယခုဆိုလျှင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာအထိ တစ်နှစ်လျှင် (၂)ကြိမ်ကျ ရေးဆွဲထားပြီး စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့သို့လည်း ဆက်သွယ်ပြေးဆွဲနိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ကျောက်တော်မှ မြောက်ဦးသို့ ဆက်သွယ်ရေးလမ်းကြောင်းများ ရှာဖွေရာတွင် မြစ်ကူး တံတားအတွက် အခက်အခဲဖြစ်နေပြီး မြောက်ဦးမြို့မှ မင်းဘူးမြို့အထိလည်း မည်မျှအထိ လမ်းပြီးစီးနေမှုကို မသိရှိသေးပါကြောင်း၊ ရခိုင်သူရခိုင်သားများအနေဖြင့် သမိုင်းဝင်ရထားလမ်းပြီးစီးနိုင်ရန် စိတ်အားထက်သန် စွာဖြင့် စောင့်ဆိုင်းလျက်ရှိနေကြပါသည်။ ရခိုင်ပြည်နယ်တွင် ဆက်သွယ်ဖောက်လုပ်လျက်ရှိသော မီးရထားလမ်းစီမံကိန်းသည် မည်သည့် ခုနှစ်တွင် ပြီးဆုံးမည်နှင့် လက်ရှိဆောက်လုပ်မှု အခြေအနေများကို သိရှိလိုကြောင်း မေးမြန်းပါသည်။