(ခ)-မွန်၊ရခိုင်နှင့်အခြားတိုင်းရင်းသားလူမျိုးတို့၏သ မိုင်းကိုစနစ်တကျဖော်ထုတ်ပြုစုခြင်း၊စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်းနှင့်လေ့လာမှတ် သားစေခြင်း များ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၇-၈-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၃) အရ သမိုင်းအဖွဲ့အစည်းသစ်ကို ပြင်ဆင်ဖွဲ့စည်းပြီး မြန်မာ့သမိုင်းကို စနစ်တကျ ဖော်ထုတ်ပြုစုခြင်း၊ စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်းနှင့် လေ့လာမှတ်သားခြင်း စသည့် ကောင်းမွန်သောဆောင်ရွက်ချက်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မြန်မာ့သမိုင်းဟု ခေါ်ဆိုသောစကားရပ်တွင် မြန်မာဟူသည့် စကားရပ်သည် ဗမာတိုင်းရင်းသားလူမျိုး အပါအဝင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူထုအားလုံးကို ခြုံငုံသိမ်းကျုံးပြီး ခေါ်ဆိုခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာ့သမိုင်းဟုခေါ်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဗမာတိုင်းရင်းသားလူမျိုး တစ်မျိုးထဲ၏ သမိုင်းအကြောင်းအရာများအပြင် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ကြသည့် မွန်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းများတို့နှင့်တကွ ရှည်လျားမှု အသင့်အတင့် ရှိခဲ့ကြသော အခြားတိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းကြောင်းများကိုသာ ရေးသားဖော်ပြ သင့်ပါကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြသော တိုင်းရင်းသားများ၏သမိုင်းမျိုး ဖြစ်မှသာလျှင် မြန်မာ့သမိုင်း ခေါ်ဆို ထိုက်သည်ဖြစ်ပြီး မြန်မာ့သိမိုင်းခေါ်ဆိုသော ဝေါဟာရ၏ အင်္ဂါရပ်နှင့်လည်း ကိုက်ညီမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) မြန်မာ့သမိုင်း အဖွဲ့အစည်း သစ်သည် ဗမာတိုင်းရင်းသားလူမျိုးတို့၏ သမိုင်းအကြောင်းအရာများ စနစ်တကျဖော်ထုတ်ခြင်း၊ စုဆောင်းခြင်း၊ သုတေသနပြုခြင်း၊ ထုတ်ဝေခြင်းနှင့် လေ့လာမှတ်သားခြင်း အစရှိသည်များကို ဆောင်ရွက်သကဲ့သို့ မွန်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းများနှင့်တကွ တိုင်းရင်းသားလူမျိုးများတို့၏ သမိုင်းများတို့ကိုလည်း အလားတူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) အစီအစဉ်ရှိပါက မည်သည့် တိုင်းရင်းသားလူမျိုးတို့၏ သမိုင်းကို မည်သည့်အချိန်တွင် ပြုစုရေးသားထုတ်ဝေခြင်းပြုမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။