(ဂ)-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းများရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးရာထူး ဝင်ခွင့်လျှောက်ထားခြင်းကို ဒေသခံတိုင်းရင်းသား များအား ဦးစားပေးခေါ်ယူပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မိမိတို့ ဒေသတွင် မြန်မာဘာသာ စကားနှင့်ပတ်သက်၍ ကျွမ်းကျင်မှုနည်းပါးခြင်း၊ ပညာအရည်အချင်းနှင့်ပတ်သက်၍ တိုးတက်အောင် မြင်မှုနည်းပါးခဲ့ခြင်း၊ ကိုးကန့်ဒေသသို့ ရောက်ရှိလာကြသော ဝန်ထမ်းအသီးသီး တို့သည်လည်း ဒေသ ဘာသာစကားနှင့် နယ်မြေကျွမ်းကျင်မှု အခက်အခဲများ တွေ့ကြုံရခြင်းများ ရှိပါကြောင်း၊ နိုင်ငံတော်မှ ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဒေသခံရဲ ၅၀ ဦးကိုလည်း ခန့်ထားပြီးဖြစ်သည့်အပြင် ကျန်းမာရေးကဏ္ဍ အလိုက်အထောက် အကူပြုနိုင်စေရန် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကိုလည်း ဆေးတက္ကသိုလ်ဝင်ခွင့် အထူးအစီအစဉ်ဖြင့် လျှောက်ထားစေခြင်းများကို ဆောင်ရွက်ပေးခဲ့သည်ကိုလည်း သိရှိနားလည် ထားပါကြောင်း၊

ထိုနည်းတူ စီမံခန့်ခွဲရေးကဏ္ဍ အထွေထွေ အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဒေသခံများ တာဝန် ထမ်းဆောင်ခွင့်ရရှိပါက ပိုမိုအောင်မြင်တိုးတက်မည်ဟု  ယုံကြည်မျှော်လင့်မိသည့်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်းသို့ ဝင်ရောက်လျှောက်ထားနိုင်ရန် ဒုတိယဦးစီးမှူးအဆင့် ရာထူး လျှောက်ထားခြင်းဝင်ခွင့်စာမေးပွဲများ ခေါ်ယူကျင်းပခြင်းနှင့် ရွေးချယ်ခန့်ထားခြင်းတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊  ယခုအခါ ဒေသဘွဲ့ရ ပညာတတ်များလည်း ရှိနေကြပြီဖြစ်သောကြောင့်လည်း ၎င်းအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချခွင့်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် မြို့နယ်အထွေထွေ ဦးစီးလိုင်းသို့ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်သည့် ဒေသခံတိုင်းရင်းသားများအား ဦးစားပေး အစီအစဉ်ဖြင့် ဒုတိယ ဦးစီးမှူးရာထူး ဝင်ခွင့်လျှောက်ထားခြင်းကို ခေါ်ယူဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေး နိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။