(ဃ)-ရဲတပ်ရင်း(၃၁)တည်ဆောက်ခဲ့ရာတွင်လယ်မြေ သိမ်းဆည်းခံလယ်သမားများအတွက် လျော်ကြေးငွေ ခွင့်ပြုထားခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ၂၀၁၃-၁၄ ခု ဘဏ္ဍာနှစ်တွင် အမှတ်(၃၁)ရဲတပ်ရင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် လယ်ယာမြေများသိမ်းဆည်းရာတွင် လယ်သမား ၁၂ ဦးထံမှ လယ်မြေ ၇၂ ဧက ပါရှိခဲ့သည်ကို နိုင်ငံတော်မှ လယ်သမားများ နစ်နာမှုမရှိစေရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် သိမ်းဆည်းခံလယ်မြေတစ်ဧကအတွက် ငွေကျပ် ရှစ်သိန်းနှုန်း ပေးလျော်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြောက်ဦးမြို့နယ်ရှိ ဒေသအာဏာပိုင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲမှူးတို့မှ လယ်မြေသိမ်းဆည်းခံ လယ်သမား ၁၂ ဦးအား လယ်မြေလျော်ကြေးအဖြစ် တစ်ဧကလျှင် ခြောက်သိန်းကျပ်သာ ယခုအချိန်တွင် လက်ခံရမည်ဖြစ်ကြောင်းနှင့် ကျန်ငွေများကို ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ စာဖြင့်ရေးပြီး ပြန်လည်တောင်းဆိုကြရန်နှင့် တောင်းဆို တင်ပြသည့်စာကိုလည်း မိတ္တူများပေးခဲ့ရန် အကြံပြုဆွေးနွေးပြီး တစ်ဧကအတွက် ငွေကျပ် ခြောက်သိန်းစီ ထုတ်ပေးခဲ့ပါကြောင်း၊
ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ မရိုးမဖြောင့်သော သဘောသက်ရောက်နေခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးမပြည့်စုံမှုကြောင့် အလွန်အခက်အခဲ ကြုံတွေ့ခဲ့ခြင်းများ ကျန်ငွေများကို အလျင်အမြန်ရရှိလိုပါကြောင်း၊ ထို့ကြောင့် မြောက်ဦးမြို့နယ်၌ ရဲတပ်ရင်း(၃၁) တည်ဆောက်ရာတွင် လယ်မြေသိမ်းဆည်းခံ လယ်သမားများအတွက် နိုင်ငံတော်မှ လယ်မြေတစ်ဧက လျော်ကြေးငွေ ရှစ်သိန်းပေးရန် ခွင့်ပြုထားပြီးဖြစ်သော်လည်း ဒေသအာဏာပိုင်များက ကျပ်ခြောက် သိန်းသာ လျော်ကြေးပေးထားသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ သိရှိခြင်းရှိ/မရှိ၊ သိရှိပါက လယ်သမားများ နစ်နာမှုမရှိစေရေးနှင့် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရေး လုပ်ကိုင်နိုင်ရန် အတွက် ကျန်ငွေများကို မည်သည့်အချိန်တွင် အပြေအလည် ထုတ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။