(ဃ)-ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့်တိုင်း/ပြည် နယ်အစိုးရအဖွဲ့များဆောင်ရွက်သည့်လုပ်ငန်းစီမံကိန်း များ၏လုပ်ငန်းစစ်ဆေးကြပ်မတ်ခြင်းကို မည်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းမှကွင်းဆင်းစစ်ဆေးအစီရင် ခံတင်ပြခြင်းကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့မြန်မာနိုင်ငံသည် အဖက်ဖက်မှပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်ဖြစ်၍ တိုးတက်ပြောင်းလဲမှုများ ရှိရာ လုပ်ငန်းစီမံကိန်းများသည် ယခင်ကထက် အများအပြားတိုးတက်လာခဲ့ပါသည်။ ထို့ကြောင့် လုပ်ငန်းများ စစ်ဆေးကြပ်မတ်ရာတွင် ဝန်ထမ်းအင်အားအပြည့်အဝဖြင့် ဦးစီးဌာနတစ်ခု သီးသန့်ထားရှိရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့်နေရာတွင် ယခင်အစိုးရများလက်ထက်က အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနအောက်ရှိစီမံကိန်းများဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံရေး ဦးစီးဌာနမှ ပြည်ထောင်စု အစိုးရအဆင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များမှ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ၏ လုပ်ငန်းစစ်ဆေးကြပ်မတ်ခြင်းကို တိုက်ရိုက်စစ်ဆေး အစီရင်ခံခြင်းများ ဆောင်ရွက်သည်ဟု သိရှိရပါသော်လည်း ယခုအစိုးရလက်ထက်တွင် အဆိုပါ ဦးစီးဌာနအနေဖြင့် စစ်ဆေး အစီရင်ခံတင်ပြမှုမရှိသလောက် နည်းပါးသည်ကို သိရှိရပါကြောင်း၊
သို့ပါသောကြောင့် မည်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းများမှ လုပ်ငန်းစစ်ဆေးကြပ်မတ်ခြင်းကို တာဝန်ယူ ဆောင်ရွက်နေပါသနည်း၊ အကယ်၍ အခြားသောဝန်ကြီးဌာနတစ်ခုခုမှ စစ်ဆေးစီရင်ခံ တင်ပြခြင်းများ ဆောင် ရွက်နေခြင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။