(ဆ)-အရက်ပုန်းဆိုင်များပပျောက်ရန်နှင့်အရက်တု များ ပေါများနေခြင်းကို ကာကွယ်တားဆီးရန်မည် သို့တိုးမြှင့် ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-18

မိမိ၏မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံတော်အခွန်ဝင်ငွေလည်း မလျော့နည်းမသွားစေချင်ပါကြောင်း၊ အရက်နှင့် ဆက်နွယ်သော ဆိုးကျိုးများလည်း လျော့ကျစေခြင်းပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် မြို့ရောတောပါ တရားဝင်၊ တရားမဝင် အရက်ရောင်းဆိုင်များ များပြားလာပါကြောင်း၊ လူစည်ကားရာဆိုင်များသည် အများအားဖြင့် အရက်ဆိုင်များ ဖြစ်နေပြီး အရက်ကိုမည်သူကမျှ ရိုက်ပြီး သောက်ခိုင်းနေခြင်း မဟုတ်သော်လည်း အတုမြင် အတတ်သင် ငယ်ရွယ်သူများကပင် လွယ်လွယ်တွေ့ပြီး လွယ်လွယ်သောက်နေကြခြင်းဖြစ်ပါကြောင်း၊ အင်တာနက်သတင်းများအရ မြန်မာနိုင်ငံတွင် အရက်နှင့် ပတ်သက်သည့် သုတေသန ပြုလုပ်မှု မရှိသလောက် နည်းပါနေကြောင်း FDA စစ်ဆေးချက်မရှိသော ကျန်းမာရေးအတွက် အာမခံချက်မရှိသော စားသောက်ကုန်များကို သုံးစွဲစားသောက်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) အရက်ဆိုင်အရေအတွက် လျော့ချနိုင်ပြီး အခွန်ဝင်ငွေလျော့နည်းမသွားရေးအတွက် မည်ကဲ့သို့အစီအစဉ်များ ရှိ/မရှိ၊ (၂) အရက်ပုန်းဆိုင်များ ပပျောက်ရေးတိုးမြှင်‌့စိစစ်ရန် အစီအစဉ်များ ရှိ/မရှိနှင့် (၃) လက်ရှိအခြေအနေတွင် အရက်တုများပေါများနေခြင်းကို ကာကွယ်တားဆီးရန် တိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။