(င)-သဘာဝကျေးငှက်များအား ဖမ်းဆီးရောင်းချ ဝယ်ယူမှုများဖြစ်ပေါ်နေခြင်းကိုတားဆီးရန်၊ ထိန်း သိမ်းရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ ရာသီဥတု သဘာဝပေါက်ပင်စုံလင်မှုကြောင့် ဒေသရင်းကျေးငှက် အမျိုး မျိုးနှင့် အခြား ဒေသမှရောက်လာရှိလာသော ဆောင်းခိုငှက်အမျိုးမျိုးတို့ နေထိုင် ကျက်စားလျက်ရှိကြရာ သုတေသနပညာရှင်များ၏ လေ့လာမှုအရ မြန်မာနိုင်ငံတွင် ငှက်မျိုးစိပ်ပေါင်း ၁၀၃၅ မျိုးရှိသည့်အနက် ဒေသ ရင်းငှက်မျိုးစိပ် ၇၅၆ မျိုးပါဝင်ပြီး အခြားဒေသမှ လာရောက်သော ဆောင်းခိုငှက်မျိုးစိပ် ၂၇၉ မျိုး ထိရှိပါကြောင်း၊
မြန်မာနိုင်ငံအလယ်ပိုင်း အောင်ပင်လယ် ရေဝပ်မြေ တောင်သမန်အင်း၊ စွတ်မြဲ အင်း၊ လိပ်အင်းပတ်ဝန်းကျင်ဒေသ ရှမ်းပြည်နယ် အင်းလေးဒေသပတ်ဝန်းကျင်နှင့် အခြားဒေ သများတွင် ဒေသရင်း ငှက်များနှင့် ဆောင်းခိုငှက်များပါ လာရောက် ကျက်စားနေကြပြီး အဆိုပါငှက်များကို ဖမ်းဆီးရောင်းချရောင်းဝယ်မှု၊ သတ်ဖြတ်မှု များလည်း ရှိပါကြောင်း၊ တန်ခိုးကြီးဘုရား များတွင် ငှက်များကို သိုလှောင် ရောင်းချခြင်းခံရသောငှက်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် သဘာဝ ရာသီဥတုအစာ အဟာရမကိုက်ညီမှု ထိခိုက်ဒဏ်ရာရမှုများကြောင့် သေကြေပျက်စီးပြီး ကုသိုလ်ဖြစ်ငှက်လွတ်သူ များ လွတ်ပေးခဲ့သော ငှက်များ၏ ၃၀ ရာခိုင်းနှုန်းခန့်သည်လည်း မိမိမူရင်းဒေသသို့ ပြန်ရောက်ရှိအောင် မပျံ သန်းနိုင်တော့ခြင်း၊ အစာအဟာရမရရှိခြင်း မိမိဒေသအဟာရနှင့်မတူညီခြင်း၊ သိုလှောင်ရက်ကြာ၍ အတောင်ညောင်းပြီး အဝေးသို့ အမြင့်သို့ မပျံ နိုင်တော့ခြင်းတို့ကြောင့် ခွေး၊ ကြောင် အစရှိသော တိရစ္ဆာန်များ၏ အလွယ်တကူတိုက်ခိုက်မှုဖြင့် သေဆုံးပျက်စီးကြရခြင်း များရှိပါကြောင်း၊ ဘာသာရေးအရ မိမိကုသိုလ်ရရန် ရည်ရွယ်ပြီး ဇီဝိတဒါနငှက်လွတ်သူများရှိ ခြင်းကြောင့်လည်း ငှက်အရောင်း အဝယ်ဈေးကွက် ဖြစ်ပေါ်နေရာ ထိုသို့ ဘာသာရေး အရ ဗေဒင်ယတြာချေရန်အတွက် ငှက်များကိုအသုံးပြုနေခြင်းမှ အခြားသော အစားထိုး နည်းလမ်းများ ဖြင့်လုပ်ဆောင်သင့်သည်ကိုလည်း အကြံပြုတိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ကုသိုလ်ဖြစ်ငှက် များလွတ်နေပါက ဖမ်းဆီးရောင်းချဝယ်ယူမှုများလည်း ရှိနေမည် ဖြစ်သည့်အပြင် ငှက်မျိုးစိပ်များ ရှားပါးပျောက်ကွယ် မျိုးသုဉ်း လာနေနိုင်ပါသော ကြောင့် တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ဖြစ်ငှက်လွတ်ခြင်း၊ ဗေဒင် ယတြာငှက်လွတ် ခြင်းများကို တားဆီး ထိန်းသိမ်း ပိတ်ပင်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။