(ဇ)-ဝိတိုရိယတောင်(ခေါ်)နတ်မတောင်(ခေါ်)ခေါနူး စုမ်အားနယ်မြေခံတိုင်းရင်းသားတို့၏မူလအခေါ် အဝေါ်ဖြင့်အဓိပ္ပာယ် မကွဲလွဲစေရန်“ခေါနူးတောင်” ဟုသုံးစွဲခွင့်ပြုနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဝိတိုရိယာတောင် (ခေါ်) နတ်မတောင်ဟု ခေါ်သော ခေါနူးစုမ် တည်ရှိပါကြောင်း၊ ၎င်း တောင်ကို အင်္ဂလိပ်အစိုးရက ဝိတိုရိယာတောင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထပ်မှ စ၍ မြန်မာဘာသာနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး နတ်မတောင်ဟု သုံးစွဲခေါ်ဝေါ်လာခြင်းဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားတို့၏ တိုင်းရင်းသားစကားအရ ခေါနူးစုမ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ခေါဆိုသည် ကမ္ဘာကြီး၊ နူးဆိုသည်မှာ ကြီးမားခြင်း၊ စုမ်ဆိုသည်မှာ တောင်ဟု အဓိပ္ပာယ်သက်ရောက်ပါတယ်။ ခေါနူးစုမ် အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန်သည် တောင်တို့၏ အထွတ်အထိပ်၊ ကြီးမားသောတောင်၊ တောင်ကြီးဖြစ်ဖြစ်ပါကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဝိတိုရိယတောင်ကို မြန်မာဘာသာနှင့် အဓိပ္ပာယ်ဖွင့်ဆိုပြီး မြန်မာအမည်နှင့် ခေါ်ရန်ဖြစ်လာသည့်အခါ ဒေသခံ အချို့ကို မေးမြန်းရာ ခေါဆိုသည်မှာ နတ်၊ နူးဆိုသည်မှာ မ၊ စုမ်ဆိုသည်မှာ တောင်ဟူ၍ ရှင်းပြခဲ့သည့်အတွက် ယင်း တောင်ကို နတ်မတောင်ဟု အလွယ်တကူ တိုက်ရိုက်ခေါ်ယူသုံးစွဲလာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နယ်မြေခံတိုင်းရင်သားတို့၏ တကယ့်အခေါ်သည် ခေါကို သက်မဲ့အတွက် ကမ္ဘာကြီး၊ သက်ရှိအတွက် နတ်၊ နူကို သက်မဲ့အတွက် ကြီးမားသော၊ သက်ရှိအတွက် အမဟု ခေါ်ဝေါ်သုံးစွဲခြင်း ရှိသည့်အတွက် ခေါနူးစုမ်ကို နတ်မတောင်ဟု သုံးစွဲခေါ်ဝေါ်ခြင်းကို လက်ခံနိုင်ခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝိတိုရိယတောင် ခေါ် နတ်မတောင် ခေါ် ခေါနူးစုမ်ကို နယ်မြေခံတိုင်းရင်းသားတို့၏ မူလအခေါ်အဝေါ်နှင့် အဓိပ္ပာယ်မကွဲလွဲစေရန် ခေါနူတောင် ဟု သုံးစွဲခေါ်ဝေါ်ခွင့် ပြုနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။