(က)-ကော့မှူးမြို့နယ်၊သခွတ်ပင်ကျေးရွာရှိစက်ရုံမြေ (၁၇.၅)ဧကကိုမူလလုပ်ပိုင်ခွင့်ရလယ်သမားများထံ မည်သည့် အချိန်တွင် ပြန်လည်လွှဲပေးမည်ကို သိ လိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ သခွတ်ပင်ကွင်း ကွင်းအမှတ် (၅၁၆) ဦးပိုင်အမှတ် (၇/၁၇)နှင့်၊ မြေဧက ၁၇.၈၄ ဧကကို ဦးချစ်နှင့် ဦးဆိုင်က အခွန်များပေးဆောင်ပြီး နှစ်ပေါင်းမြောက်များစွာ လုပ်ကိုင်လာခဲ့ပါကြောင်း၊ ၁၉၇၉ ခုနှစ်တွင် ၎င်းမြေဧကကို အမှတ်(၂၆၂) တန် ၁၀၀ ဆန်စက် တည်ဆောက်ရန်အတွက် မြေ ၁၇.၈၄ ဧကကိုသိမ်းဆည်းပြီး ဆန်စက်ဆောက်ခဲ့ပါကြောင်း။ ထို့နောက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကနေပြီးမှ ၂၀၀၉ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပုဂ္ဂလိကကို လေလံတင် ရောင်းချခဲ့ပါကြောင်း၊ ထိုသို့ လေလံယူခွင့်ရပြီးနောက် ၂၀၀၈ ခုနှစ် နာဂစ်ကို အကြောင်းပြုပြီး၍ ကျပ်သန်း ၂၃၀.၀၄ အစား ၁၄၇.၀၀၁ သန်းဖြင့် လျော့ပေါ့ ဝယ်ယူခွင့်ပြုခဲ့ပါကြောင်း၊ လွဲပြောင်းရောင်းချသည့်အမိန့်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကို ကျပ် ၂၃၀.၀၄ သန်းနှင့် အပြီးအပြတ်ရောင်းချခံကြောင်း သိရှိရသော်လည်း မြေရောင်းချခြင်းကို တိကျစွာဖော်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ဝယ်ယူ ရရှိ သူအနေဖြင့် မြေ ကိုပါရရှိရန် ဆောင်ရွရာတွင် မူလပိုင်ရှင်ဖြစ်သော ဦးချစ်နှင့် ဦးဆိုင်ကလည်း ကန့်ကွက် လျှောက်ထား၍ မြေပြန်လည်ရရှိရေးကို အငြင်းပွားလျက်ရှိပါကြောင်း၊
ထို့သို့ မြေအငြင်းပွားဆဲကာလမှာပင် ဝယ်ယူခွင့်ရသူကို မြေခွန် ဆောင်လိုက်ခြင်းကြောင့် အငြင်းပွားမှုများ ဆက်လျက်ဖြစ်ပေါ်နေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သိရှိလိုသည်မှာ (၁) ၎င်း ဆန်စက်အမှတ်(၂၆၂) တန် ၁၀၀ စက်အား ပုဂ္ဂလိကပိုင်ပြုလုပ် ရေးကော်မရှင်မှ ၁၈-၁၀-၂၀၀၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၀၈)ဖြင့် အပြီးအပြတ်ရောင်းချခဲ့ရာတွင် ဥပဒေအရ စက်ရုံမြေ ၁၇.၈၄ ဧကကို မူလလုပ်ပိုင်ခွင့်ရသူထံပြန်ပေးရန် ချန်ထားခဲ့သည့်အတွက် အဆိုပါချန်ထားခဲ့သောစက်ရုံမြေအား ဦးချစ်နှင့် ဦးဆိုင်တို့ထံ မည်သည့်အချိန်တွင် ပြန်လည်လွှဲပေးမည်ကိုလည်းကောင်း၊ မေးခွန်း(၂) စက်ရုံအားရောင်းချစဉ်က အထက်ပါအမည်မပါသော်လည်း စက်ရုံကိုဝယ်ယူခွင့်ရသူမှ အဆိုပါရရှိရေးအတွက် လယ်ယာစိုက်ပျိုးမှုနှင့် အထောက်အထားမရှိဘဲ ကော့မှူးမြို့နယ် မြေစာရင်း ဦးစီးမှ မြေခွန်ပြေစာထုတ်ပေးခြင်းသည် ဥပဒေပါလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းမရှိပါက တာဝန်ရှိသူတို့အား မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။