(က)-အခြေခံဆရာ၊ဆရာမများသင်ကြားမှုစွမ်းဆောင် ရည်မြင့်မားရေးသင်တန်းများကိုစဉ်ဆက်မပြတ် လေ့ ကျင့်သင်ကြားပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2020-12-19

ဒေါ်နန်းနွံ (ရှားတော) ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံပညာကဏ္ဍတွင် ပညာရည်မြင့်မားရေးအတွက် မြှင့်တင်ဆောင် ရွက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာများအနေဖြင့် အတော်အသင့် ပြည့်စုံကောင်းမွန်လာပြီ ဖြစ်သော်လည်း ကျောင်းသား များ၏ အရည်အသွေးပြည့်မီရေးသည် များစွာလိုအပ်နေပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသေးသည် တိုင်းရင်းသားများ၏ ဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် ပိုမိုအားနည်းနေပါကြောင်း၊ အရည်အသွေးရှိသည့် သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးသည့်နေရာတွင် သင်ကြားရေးကို အဓိကတာဝန်ယူရသော ဆရာ/ဆရာမများ၏ အရည်အသွေးပြည့်မီရေးသည် အရေးပါသော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမများသည် သတ်မှတ်အရည်အချင်း ပြည့်စုံရမည့်အပြင် ဝါသနာ၊ စေတနာနှင့်အတူ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့်အညီ အတွေးအခေါ် ခံယူချက်များလည်း ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အရည်အချင်းဆိုသည်မှာ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်မှသာ သင်ကြားမှုစွမ်းရည် အစဉ် မြင့်မားနေမည်ဖြစ်ပါကြောင်း၊ ပညာရေးဌာနအနေဖြင့် ဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးခြင်းကို ပြုလုပ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ဆရာ/ဆရာမများ၏ အရည်အသွေးသည် ပိုမိုပြည့်ဝလာပြီး လူသစ်စိတ်သစ်ဖြင့် မိမိ၏ အလုပ်အပေါ် မြတ်နိုးဂုဏ်ယူစိတ်များ ကိန်းအောင်းလာပြီး ပညာရေးအတွက်လည်း ကြီးမားသော ခွန်းအားတစ်ရပ် ဖြစ်လာမည်ဟု ယုံကြည်မိပါကြောင်း၊ ပညာရေးဌာနက ပြုလုပ်နေသော ဆွေးနွေးပွဲများ၊ ဉာဏ်သစ် လောင်းသင်တန်းများ၊ ဘာသာရပ် မွမ်းမံသင်တန်းများနှင့် မူလတန်းအဆင့် CCA သင်တန်း စသည်တို့ ပြုလုပ်နေသည့်အခါ အလယ်တန်းအဆင့်တွင် အနည်းငယ်ရှိပြီး သင်တန်းမရသော ဆရာ/ဆရာမများ ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်အားလုံးတွင် ဘာသာရပ်အားလုံး လွှမ်းခြုံမှုရရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာ ဆရာ/ဆရာမ များ သင်ကြားမှုစွမ်းရည်မြင့်မားရေး သင်တန်းများ စဉ်ဆက်မပြတ်ဖွင်‌့လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။