(စ)-ဟုမ္မလင်းမြို့နယ်၊ထမံသီရေးအားလျှပ်စစ်စီမံ ကိန်းကိုမည်သည့်ခုနှစ်တွင်စတင်ခဲ့ပြီးမည်သည့် အတွက်ကြောင့်ရပ်ဆိုင်းခဲ့သည်ကိုသိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ထမံသီရေအားလျှပ်စစ် စီမံကိန်း ကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကစပြီးတော့ ဖော်ဆောင်ခဲ့ရာတွင် ဆည် တည်ဆောက်ခြင်းအဆင့်ကို မရောက်ရှိသေးဘဲနှင့် ဆည်တည်ဆောက်သည့်အ ခါ ရေနစ်မြှုပ်နိုင်သော ဧရိယာအတွင်းပါရှိမည့် ပတ်ဝန်းကျင်ဒေသခံတို့အတွက် မြို့သစ်တည်ထောင်ရန်နှင့် စိုက်ပျိုးမြေရရှိဖို့ရာ သစ်တောဧရိယာဧက ရှစ်သောင်းကျော်နှင့် ထမံသီရေဝပ်ဧရိယာအတွက် သစ်တော ဧရိယာပေါင်း ၃၀၀၄၈၅ ဧကကိုလည်း အပြောင်ရှင်းစနစ်နှင့် ခုတ်ထွင်ခဲ့ကြပါကြောင်း၊ ဆည်တည်ဆောက် သည့်အခါ တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်း အပြီးရှင်းလင်းထုတ်နိုင်ခဲ့ ပါလျက် ယခုကဲ့သို့ပြု လုပ်ခဲ့ခြင်းသည် တိုင်းပြည် အတွက် ကြိုတင်ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့ရသည့်အပြင် ထိုအခွင့် အရေးအပေါ် စီးပွားရေးသမားများ၏ ပိုမို အခွင့်အရေးယူမှုတွေ၊ ဥပဒေ လက်တစ်လုံးခြားကာ အမြတ်ထုတ်နေခဲ့ခြင်းများသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြင်မကောင်း ရှုမကောင်းဖြစ်ကြရသည် အထိဖြစ်ပါကြောင်း၊ စီမံကိန်းမအောင်မြင်သည့်အခါတွင်လည်း တိုင်းပြည်အတွက် ရည်မှန်းချက်ပျောက်ဆုံးရသည့်အပြင် ဒေသခံများလည်း လျှပ်စစ်မရရှိခဲ့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာ မှုများနှင့် သဘာဝဘေးအန္တရာယ်များ၊ အတားအဆီးမဲ့မြစ်ကြောင်းတိမ်ကောမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ ကို တောင်သူများ ခံစားနေကြရပါကြောင်း၊ ယခုကဲ့သို့ မအောင်မြင်သော စီမံကိန်းများတွင် သဘာဝသယံဇာတများ များစွာဆုံးရှုံးခဲ့ရပါက တာဝန်ရှိသူတွေများ မည်ကဲ့သို့ကုစားကြမည်နည်းဆိုသည့်အဖြေကို စဉ်းစား ထားရန် လိုအပ်မည်ဟု ထင်ပါကြောင်း၊ ထိုကဲ့သို့ အလျင်စလိုကြိုတင်ပြီး အပြောင်ရှင်းလင်းခဲ့ခြင်းသည့် ပြည်သူများအတွက် သံသယရှိဖွယ်လည်း ဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့်
(က) ထမံသီရေအားလျှပ်စစ်စီမံကိန်းကို မည်သည့်ခုနှစ်ကစတင်ခဲ့သည်။
(ခ)ထမံသီရေအား လျှပ်စစ်စီမံကိန်းကို မည်သည့်အတွက်ကြောင့် မည်သည့်အချိန်ကစပြီးတော့ ရပ်ဆိုင်းခဲ့ပါသည်။
(ဂ) မလိုအပ်သေးပါပဲ ဆည်ရေဝပ်ဧရိယာ ၃၀၀၄၈၅ ဧကရှိ သစ်တောတွေကို အပြောင်ရှင်းထုတ် လုပ်ခဲ့ခြင်းကို မည်သူက တာဝန်ယူပြီး ပြန်လည်စိုက်ပျိုးပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။