(ခ)-ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊တိုင်းဒေသ ကြီး၊ပြည်နယ်အစိုးရအဖွဲ့များမှစီမံကိန်းများကိုလုပ်ငန်း တင်ဒါစနစ်ဖြင့် ဆောင်ရွက်နေမှုသည် ပြည်သူလူထု ထံ အမှန်တကယ် အကျိုးသက်ရောက်မှုရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ယခုအခါ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များမှ လုပ်ငန်းစီမံကိန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ရာတွင် အများသိသာမြင်သာ ရှိစေရန် လုပ်ငန်းတင်ဒါခေါ်ယူခြင်းသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု ရှိသော်လည်း ၎င်းစနစ်၏ အားနည်းချက်၊ အားသာချက်များကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊  အားနည်းချက်များအနေဖြင့် မူလစီမံကိန်း တန်ဖိုး ထက် လျော့၍ တင်ဒါများခေါ်ယူခြင်း၊ လုပ်ငန်းတင်ဒါ အောင်မြင်ပြီးသော လုပ်ငန်းရှင်အဖွဲ့အစည်းများသည် နည်းမျိုးစုံဖြင့် ချိတ်ဆွဲခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ခါနီးမှ လုပ်ငန်းများ စတင်ဆောင်ရွက်ကြခြင်း၊ စက်ကန်ထရိုက် များ ပေးခြင်းမှ  Labor ကန်ထရိုက်များထံသို့ တစ်ဆင့် လွှဲပေးခြင်းစသော အားနည်းချက်များကို တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် မူလစီမံကိန်းလုပ်ငန်းတန်ဖိုးများသည် ပြည်သူလူထုထံ အပြည့်အဝရောက်ရှိခြင်းမရှိဘဲ ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ပျောက်ဆုံးစေပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း တင်ဒါစည်းမျဉ်း စည်းကမ်း များနှင့် ညီညွတ်မှုရှိ/မရှိ မသိနိုင်သည့်အပြင် လုပ်ငန်းပြဿနာများ ပေါ်ပေါက်ပါက တာဝန်ယူ၊ တာဝန်ခံ ဖြေရှင်းပေး မည့်သူမရှိခြင်းစသည့် ရှုပ်ထွေးသောပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပွင့်လင်း မြင်သာသော လုပ်ငန်းတင်ဒါခေါ် ယူခြင်းသည် ပွင့်လင်းမြင်သာသည် မှန်ပါသော်လည်း ပြည်သူလူထုထံ အမှန် တကယ် အကျိုးသက် ရောက်မှုရှိ/မရှိနှင့် မည်သို့တည့်မတ် ထိန်းကျောင်းပေးမည်ကို သိရှိလို၍ မေးမြန်းပါသည်။