(ခ)-လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့်ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက်နိုင်ငံတော်မှမည်ကဲ့သို့စီမံဆောင် ရွက်နေသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးအောင်မြင့် (ဂန့်ဂေါ)မိမိတို့ မြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေး အတွက် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်များအား လေ့ကျင့်ပျိုးထောင်ပေးနေသည့် ပညာရေးကဏ္ဍသည် အဓိကအရေးကြီးသော အခန်းကဏ္ဍကြီးမှ ပါဝင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လူငယ်များ၏ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လူငယ်များသိရှိနားလည် သဘောပေါက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မေးခွန်း(၁) လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၂) လူငယ်များမျိုးချစ်စိတ်ပပျောက်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား သိရှိလိုပါကြောင်း၊ မေးခွန်း(၃) လူငယ်များအတွေးအခေါ် မှန်ကန်ရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၄) လူငယ်များ၏အတွေးအခေါ်များ မမှန်ကန်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အတွက် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအား သိရှိလိုပါကြောင်း၊ မေးခွန်း(၅) ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးဆိုသည့် အနက်အဓိပ္ပာယ်အား ကျယ်ကျယ်ပြန့်ပြန့်ရှင်းရှင်းလင်းလင်း သိရှိလိုပါကြောင်း၊ မေးခွန်း(၆) လူငယ်များ ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးများမရှိပါက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများအတွက် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ  သိရှိလိုပါကြောင်း၊ မေးခွန်း(၇) လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။