(စ)-ရွှေတောင်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများနှင့် ပညာရေးမှူးများအတွက် ဝန်ထမ်းအိမ်ရာ ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ပဲခူတိုင်းဒေသကြီး ရွှေတောင်မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းဆရာများနှင့် ပညာရေးမှူး များအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရွှေတောင် မြို့နယ် ပြည်သူ့ဆေးရုံ၌ တာဝန် ထမ်းဆောင်ရန် ရောက်လာကြသော ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြု၊ အလုပ်သမားများအတွက် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့် ဝန်ထမ်းအိမ်ရာ တောင်းဆိုရရှိဆောက် လုပ်ပြီးဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးသည့်နည်းတူ ရပ်ဝေးမှ ပြောင်းရွှေ့ လာရောက် တာဝန်ထမ်းဆောင်နေရသော ကျောင်းဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေရန်နှင့် တာဝန် ထမ်းဆောင်နေသည့် အရည်အသွေးပိုမို တိုးတက်နိုင်သဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ မိမိ တောင်ငူတက္ကသိုလ်ကို မြန်မာစာပါမောက္ခဌာနမှူး တာဝန်ဖြင့် ပြောင်းရွှေ့ရစဉ် လစာကျပ် ၁၈၀၀ သာရစဉ်က မိမိငှားနေသော စားပွဲတစ်လုံး၊ ခုတင်တစ်လုံးသာဆံ့သည့် အိမ်ခန်းငှားရမ်းခသည် တစ်လလျှင် ၁၅၀၀ ပေးရပါကြောင်း၊ မိမိ မိဘနှစ်ပါး၏ အထောက်အပံ့ ကျေးဇူးကြောင့် ဝန်ထမ်းသက် ရှည်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုမျက်မှောက်အချိန်တွင် လစားတိုးသည်နှင့်အမျှ အိမ်ခန်းငှားခ များလည်း တိုးမြှင့်လာသဖြင့် ပညာရေးဝန်ထမ်းကျောင်းဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာ အမှန်တစ်ကယ် လိုအပ်နေပါသောကြောင့် ပညားရေး ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။