(ဃ)-လူမှုဖူလုံရေး အာမခံစနစ် (၅)ခုအကောင်အ ထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ပြည်သူ လူထုအားအကျိုးသက်ရောက်မှု အခြေအနေကိုသိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဒေါက်တာစိုးမိုးအောင် (ဘီးလင်း)ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၁၄၊ ဧပြီလ ၁ ရက်နေ့တွင် သမ္မတကြီးမှ လက်မှတ်ထိုးပြီး အမိန့်အာဏာတည်သည့်အတွက် လူမှုဖူလုံရေးဥပဒေတွင် ပါရှိသည့် အခန်း(၂)၊ ပုဒ်မ ၃ ဥပဒေ၏ ရည်ရွယ်ချက်များကို သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အကောင် အထည်ဖော်ပေးရမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ပေးရမည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဥပဒေမှာပါရှိသော လူမှုဖူလုံရေးစနစ် (၅)ခုပေါ်တွင် ဆောင်ရွက်ထားသည့် အခြေ အနေများနှင့် အခြားအချက်လက်များကို မိမိအနေဖြင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေအရ တည်ရှိခဲ့သော လူမှုဖူလုံရေးရန်ပုံငွေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ လူမှုဖူလုံရေးအဖွဲ့သည် ယနေ့အထိ ကဏ္ဍအလိုက်ရန်ပုံငွေ မည်မျှရှိသည်ကို သိရှိလိုပါကြောင်းနှင့် ရရှိထား သည့် ရန်ပုံငွေများကိုလည်း မည်သည့်နည်းလမ်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည်ကိုလည်း သိရှိလိုပါကြောင်း၊

နောက်မေးခွန်းတစ်ခုအနေဖြင့် ဥပဒေပါပြဋ္ဌာန်းအကောင်အထည်ဖော်ရမည့် လူမှုဖူလုံရေးစနစ် (၅)ခု အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ဒီဥပဒေပါအကျိုးခံစားခွင့်များကို ပြည်သူလူထု မည်မျှအကျိုးခံစားရမည် ဆိုသည်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိလိုပါကြောင်း၊

တတိယမေးခွန်းအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်တွင်ပါရှိသော အလုပ်ရုံ/စက်ရုံမှ အလုပ်သမားများ မဟုတ်ဘဲ အလုပ်အကိုင်အတည်တကျမရှိသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေးအာမခံစနစ်များကို အကောင်အထည်ဖော်ရမည့် ကိစ္စတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက် လုပ်ကိုင်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။