(က)-မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ အနေဖြင့် စိုက်ပျိုးစရိတ်ထုတ်ချေးရမည့်ကျေးရွာ အုပ်စုများသို့နိုင်ငံတော်ခရီးစရိတ်အသုံးပြု၍ဆောင် ရွက်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးဘိုနီ( ရမည်းသင်း)မြန်မာနိုင်ငံအတွင်း ကျေးရွာအုပ်စုပေါင်း ၆၃၀၀၀ ကျော်ရှိပြီး ကျေးလက်နေပြည်သူ အများဆုံးမှာ တောင်သူလယ်သမားများဖြစ် ကာ နိုင်ငံတော်အတွက် စားသုံးဆန် ဖူလုံရေး၊ ဆီထွက်သီးနှံဖူလုံရေး၊ အထည်များဝတ်ဆင်နိုင်ရန်အတွက် စပါး၊ နှမ်း၊ မြေပဲ၊ ဝါမျိုးစုံတို့ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း ထိုသို့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သော စိုက်ပျိုးစရိတ် ချေးငွေများကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နှစ်စဉ် ထုတ်ချေးလျက်လည်း ရှိပါကြောင်း၊ သို့သော်လည်း အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးရာတွင် တောင်သူများအနေဖြင့် မြို့ပေါ်ရှိ မြန်မာ့စီးပွားရေး၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များသို့ သွားရောက် ထုတ်ယူရသည့်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်မှ ခရီးစရိတ်များ ထုတ်ပေးထားရှိခြင်း၊ ၎င်းတို့အတွက် ဆိုင်ကယ်များရှိခြင်းနှင့် ကျေးရွာအုပ်စုများသို့ သွားရောက်ရန် လွယ်ကူခြင်းတို့ကြောင့် လူများစုဖြစ်သော တောင်သူလယ်သမားများထံသို့ ငွေထုတ်ချေးပေးရေးအတွက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ။ ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် မည်သည့် ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။