(ဂ)-မြောက်ဦးမြို့နယ်၊ပြည်သူ့ဆေးရုံကို၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခုတင်(၁၀၀)ဆံ့ ဆေးရုံအဆင့် တိုးချဲ့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော မြောက်ဦးမြို့တွင် မြို့ပေါ်ရပ် ကွက် ၇ ရပ်ကွက်၊ အိမ်ခြေပေါင်း ၆၁၈၄၊ လူဦးရေ ၃၆၂၃၆ ဦးရှိပြီး တစ်မြို့နယ်လုံးတွင် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၁၀၁ အုပ်စုနှင့် လူဦးရေပေါင်း ၂၂၀၀၀၀ ကျော် ရှိသော မြို့နယ်ဖြစ်ပါကြောင်း၊ ယခုအခါ မြောက်ဦးမြို့ကို ခရိုင်မြို့အဆင့်တိုးချဲ့ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည့်အတွက် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများ ပါ ပြောင်းရွှေ့လာကြမည်ဖြစ်သောကြောင့် မြို့နယ်လူဦးရေမှာ ပိုမို များပြားလာပြီဖြစ် ပါကြောင်း၊ ယခုအချိန်တွင် မြောက်ဦးမြို့၌ ၂၅ ခုတင်ဆံ့ မြို့ပေါ်ဆေးရုံ (၁) ရုံနှင့် မြောက်ဦးမြို့မှ တောင်ဘက် ၁၀ မိုင်အကွာတွင် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁) ရုံရှိပြီး မြောက်ဘက် ၁၀ မိုင်အကွာတွင်လည်း ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် တိုက်နယ်ဆေးရုံ (၁) ရုံတည်ဆောက်ရန် ရန်ပုံငွေ ချထားပြီးဖြစ်၍ တိုက်နယ်ဆေးရုံ (၂) ရုံ ရှိလာမည်ဖြစ်သော်လည်း မြို့နယ်ရှိ လူဦးရေနှင့် ဆေးရုံသည် မျှတမှုမရှိခြင်း၊ ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများ မရှိခြင်းတို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ခံယူကြရာတွင် အခက်အခဲများ ကြုံတွေ့ကြရပါကြောင်း၊ မြောက်ဦးမြို့ပေါ်တွင် ရောဂါမျိုးစုံကုသပေးနိုင်သော ခုတင် ၁၀၀ ဆံ့ဆေးရုံကြီးရှိပါက ရန်ကုန်၊ စစ်တွေမြို့များသို့ သွားရောက်ကုသရန်မလိုအပ်ဘဲ ကျွမ်းကျင်ဆရာဝန်ကြီးများ၏ အနီးကပ်ကုသမှု ခံယူနိုင်တော့မည် ဖြစ်သည့်အပြင် ခရိုင်အတွင်းရှိ အခြားမြို့နယ်များမှ အရေးကြီးလူနာများ၊ ရောဂါစမ်းသပ် ကုသလိုသူများသည် အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် လာရောက်ဆေးကုသမှု ခံယူနိုင်ကြပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်မြို့အဆင့်နှင့် မြို့နယ်လူဦးရေများနှင့် လိုက်လျောညီထွေမှုရှိသည့် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး တည်ဆောက်ခွင့် ပြုပေးပါရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။