(ဇ)-သဘာဝငါးမွေးကန်များသဖွယ်ဖြစ်နေသောမြစ် ကြီး၊ မြစ်ငယ်၊ချောင်းကြီး၊ချောင်းငယ်များအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးမည့် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် နှစ်စဉ်ငါးရစ်၊ ငါးသန်ကာလတွင် သတ်မှတ်ထားသော မေ၊ ဇွန်၊ စက်တင်ဘာအထိ ငါးများဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ် အမိန့်ကြေညာချက်ထုတ်ပြန်လျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံနှင့်အဝှမ်း ဧရာဝတီ၊ ချင်းတွင်းနှင့် အခြားမြစ်များ ချောင်းများတွင် တားမြစ်မှုကို ချိုးဖောက်ပြီး အုပ်စုဖွဲ့ပြီး ဘက်ထရီရှော့ခ်တိုက်သည့် ငါးဖမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်နေကြပါကြောင်း၊ ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းသည် ငါးရွေးချယ် ဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် ငါးအရွယ်မျိုးစုံ၊ ရေနေသတ္တဝါမျိုးစုံ သေကြေပျက်စီးကြရပါကြောင်း၊ ယင်းကဲ့သို့ ဖမ်းဆီးခြင်းကို ကြေညာချက်တုတ်ပြန်ရုံဖြင့် တားဆီး၍မရနိုင်သဖြင့် ရေလုပ်သားများကို အုပ်စုလိုက် ပညာပေးခြင်း ဆောင်ရွက်ပြီး၊ ပညာပေးကာလ ကုန်ဆုံးသည့်အခါ ဖမ်းဆီးအရေးယူ အပြစ်ပေးသင့်ပါကြောင်း၊ ယင်းဘက်ထရီရှောခ့်တိုက် အဖွဲ့များသည် ငါးလုပ်ငန်းဦးစီးဌာနတစ်ခုတည်းဖြင့် တားဆီး၍မရနိုင်ပါသောကြောင့် အချို့အဖွဲ့များတွင် တုန့်ပြန်ရန် လက်နက်များပင် အဆင်သင့်ဆောင်ထားကြပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ ရိုးသားစွာ ဥပဒေအတွင်းလိုက်နာသော ရေလုပ်သားများအတွက် ကူညီပေးရာ ရောက်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေမဲ့ ငါးဖမ်းဆီးခြင်းကို တားမြစ်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အတွင်း သဘာဝငါးမွေးကန်ကြီးများသဖွယ် ဖြစ်တည်နေကြသည် မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းငယ်များအတွင်းသို့ စီမံချက်ချပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ငါးမျိုးများ စိုက်ထည့်ပေးသင့်ပါကြောင်း၊ ဂရန်ပေါက်အင်းများတွင် လေလံအောင်လုပ်ငန်းရှင်များက အင်းများကို စောင့်ရှောက်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်နေသည့်အတွက် အင်းကြီးများအတွက် လိုအပ်မှုရှိလာမည်မဟုတ်ပါကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ပေးပါက ငါးသယံဇာတပေါများလာပြီး၊ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမူဝါဒကိုလည်း ကူညီရာရောက်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငါးမျိုး အလွန်ပြုန်းတီးစေသော ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းခြင်းကို တားဆီးရန် စီမံချက်ချဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် သဘာဝငါးမွေးကန်ကြီးသဖွယ် ဖြစ်တည်နေသော မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းကြီး၊ ချောင်းငယ်များအတွင်းသို့ ငါးမျိုးများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် စီမံချက်ချမှတ်၍ စိုက်ထည့်ပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။