(က)-ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန်များ တွင် မြေကွက်ပေါင်း မည်မျှဖော်ဆောင်ထား၍ စက်ရုံများတည်ဆောက်ခြင်းမရှိသည့်မြေကွက် များနှင့် ပတ်သက်၍ မည်သို့ စီမံထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ရန်ကုန်စက်မှုဇုန်မြေကွက်များ ဈေးကြီးမြင့်မှုနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က လွှတ်တော်ကို တင်ပြထားခဲ့ပါကြောင်း၊ ရန်ကုန်မြို့တွင် မြေဈေးနှင့် ငှားရမ်းခများသည် ကမ္ဘာတွင် ဈေးအမြင့်ဆုံးဖြစ်သော လန်ဒန်နှင့် ဟောင်ကောင်ပြီးပါက တတိယဈေးအမြင့်ဆုံးဖြစ်ပါကြောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်များတွင် ၂၀၀၅ ခုနှစ်ခန့်က မြေ ၁ ဧကလျှင် ကျပ်သိန်း ၃၀၀ မှ ၅၀၀ ခန့်သာရှိခဲ့ရာမှ ယခုအချိန်တွင် အနည်းဆုံး ကျပ်သိန်း ၃၀၀၀ မှ ၇၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေပါကြောင်း၊ စက်မှုဇုန် စီမံကိန်းများ၊ မြေကွက်များ ဖော်ထုတ်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ကောင်းမွန်သော ရည်ရွယ်ချက်များဖြစ်သော်လည်း ဖော်ထုတ်သော မြေကွက်များကို အမှန်တကယ် လုပ်ငန်းလုပ်မည့်သူများကို မပေးဘဲ လူတစ်စုတစ်ဖွဲ့ ကုမ္ပဏီများကိုသာ ပေးသည့်အတွက် လက်ဝါးကြီးအုပ် ချုပ်ကိုင်ပြီး ဈေးကစားနေသည့်အတွက် မြေကွက်များ အဆမတန် ဈေးနှုန်းကြီးမြင့်နေရပါကြောင်း။
အသေးစားနှင့် အလတ်စား တိုင်းရင်းသားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ အသေးစား၊ အလတ်စားလုပ်ငန်းများ လုပ်ကိုင်မှုရှိပြီး ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုအခါ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြေကွက်နေရာကောင်းများကို ဈေးမဆစ်ဘဲ ကြိုက်ဈေးပေးဝယ်နေသည်ကို စိုးရိမ်ဖွယ်ကြားသိနေရပါကြောင်း။
ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးတွင် အသုံးမပြုသော မြေကွက်များသည် ၂၃၀၀ ကျော်ရှိပြီး အသုံးမပြုသော ဂိုဒေါင်များသည်လည်း ၁၀၀၀ ကျော်ရှိနေသည်ဟု သိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ဒုတိယသမ္မတလာရောက်စဉ်တွင် လုပ်ငန်းရှင်များက တင်ပြကြသည့်အခါ စည်းကမ်းနှင့် မဆောင်ရွက်သော မြေကွက်များကို ပြန်လည်စိစစ်ပြီး အရေးယူဆောင်ရွက်ပေးဟု ပြောသွားခဲ့သော်လည်း ယခုအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း၊ စက်မှုဇုန် မြေကွက်များ ဈေးကြီးမြင့်နေခြင်းကြောင့် အသေးစား၊ အလတ်စားနှင့် စက်မှုစီးပွားရေးလုပ်ငန်းရှင်များအတွက် မြေဝယ်ရန် အရင်းအနှီးအလွန်ကြီးပါကြောင်း၊ ငှားသည့်အခါတွင်လည်း အငှားခများသည်လည်း ဈေးနှုန်း အလွန်ကြီးမြင့်နေပါကြောင်း၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်းနေခြင်း၊ မြေစာရင်းကြီးမြင့်မှုသည်လည်း အဟန့်အတားများဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များမှာ မြေကွက်ပေါင်း မည်မျှဖော်ဆောင်ထားသည်ကို သိရှိလိုပါကြောင်း၊ စည်းကမ်းနှင့်မညီသော မြေကွက်လပ်များ မည်မျှရှိနေပြီး စက်မှုဇုန်များတွင် မြေဈေးများ အဆမတန်ကြီးမြင့်နေသည်မှာ မှန်ကန်မှုရှိ/မရှိ၊ စက်ရုံများ တည်ဆောက်ခြင်းမရှိသည့် မြေကွက်များနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ရန်ရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။