(က)-သယံဇာတထွက်ရှိရာဒေသ၊မြို့နယ်များဖွံ့ဖြိုးရေး အတွက်အစိုးရမှသယံဇာတများအားထုတ်ယူခွင့်ပြု ထားသောကုမ္ပဏီများနှင့်မည်ကဲ့သို့ညှိနှိုင်းပေးမည် ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးစိုးသိမ်း (ကလေးဝ)မိမိအနေဖြင့် မေးခွန်းနှင့်ပတ်သက်၍  ဆက်နွယ်မှုလေးများကို တင်ပြချင်ပါကြောင်း၊  တစ်ချိန် က ကလေးဝမြို့ တွင် ကျောက်မီးသွေး ထွက်စဉ်က ကျောက်မီးသွေးမိုင်းအနေဖြင့် ဆေးရုံရှိပြီး ဆရာဝန်ဆရာမ အပြည့်အစုံ၊ လူနာတင်ကားများ အပြည်အစုံ၊ အ.ထ.က၊ အ.လ.ကရှိပါကြောင်း၊ အ.ထ.က အတွက် ကလေးဝမှ လာတက် ရသော  ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားအတွက် ကျောင်းဖယ်ရီပေးခဲ့ပါကြောင်း၊ သို့သော်ယခု အချိန်တွင် စီးပွားရေးတံခါးဖွင့်ဝါဒအရ ပုဂ္ဂလိက ကုမ္ပဏီ၏ လက်အောက်သို့ ရောက်တော့မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းအကြိုအပို့ကိစ္စ၊ ရေ/မီးကိစ္စများ ဆက်လက်အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် မန်နေဂျာကြီးမှလည်း အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါကြောင်း၊ သို့သော်   ၎င်းပြန်သွားသည့် အချိန်မှစ၍ မိမိတို့တွင် သယ်ပို့မှုအစီအစဉ်မရှိခဲ့ပါကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့် ခေတ်စနစ်အရ နိုင်ငံပိုင် သယံဇာတများအား ကုမ္ပဏီများသို့တူးခွင့်ပြုရာတွင် နိုင်ငံတော်နှင့် ကုမ္ပဏီများက ချုပ်ဆိုသည့်စာချုပ်၊ စာတမ်း၊ ကတိကဝတ်များတွင် ထုတ်ယူမည့်ကုမ္ပဏီများသည် ထုတ်ယူသည့် သယံဇာတ ထွက်ရှိရာဒေသ၊ မြို့နယ်များ၏ဖွံ့ဖြိုးတိုးတက်မှု ကူညီရန်ဟူသော အချက်အလက်များ စာချုပ်တွင်ပါဝင်မှုရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ကြောင့်  စာချုပ်အရ ကုန်ထုတ်တန်ဖိုး၏ ရာခိုင်နှုန်းမည်မျှကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် သတ်မှတ်ခြင်း ရှိ/မရှိ၊ ကလေးဝမြို့နယ်၏ ကျောက်မီးသွေးများ၊ သစ်များထုတ်ယူသည့် ကုမ္ပဏီများမှ ကူညီမှုများပေးခြင်းရှိ/မရှိ၊ မြို့ရွာဒေသဖွံ့ဖြိုးရေးအတွက် အစိုးရမှ ကုမ္ပဏီများနှင့် မည်ကဲ့သို့ ညှိနှိုင်းပေးမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။