(စ)ခြေလက်အင်္ဂါ ချို့တဲ့သူများအား ခြေတုလက်တု တပ်ဆင်ပေးရန်နှင့် သင့်လျော်သည့်အလုပ် အကိုင်အခွင့်အလမ်းများစီစဉ်ဖန်တီးပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
တစ်ချိန်က နိုင်ငံတော်၏ အချို့သော ဒေသများတွင် စစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒေသခံပြည်သူ များသည် ခြေလက်အင်္ဂါ ပြတ်တောက်ချို့တဲ့ရသည့်အပြင် ၎င်းတို့မိသားစုများပါ အခက်အခဲအမျိုးမျိုးကို ယနေ့တိုင် တွေ့ကြုံခံစားနေရဆဲဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အရှေ့ရိုးမတောင်ခြေနှင့် တောင်ပေါ်ဒေသဖြစ်သော ကျောက်ကြီး မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ထန်းတပင်မြို့နယ်များရှိ ဒေသခံပြည်သူများသည် မြေမြုပ်မိုင်းများ၏ ဒဏ်ကို ပြင်းထန်စွာခံစားရပြီး အထူးသဖြင့် ကျောက်ကြီးမြို့နယ်သည် မြေမြုပ်မိုင်းဒဏ်ကို အများဆုံးခံစား ရသော ဒေသ တစ်ခု ဖြစ်ပါကြောင်း၊ ခြေပြတ် လက်ပြတ် ကိုယ်လက်အင်္ဂါချို့တဲ့သူ ဦးရေသည် အနည်းဆုံး ၃၃၀ ဦးမှ ၅၀၀ ဦးခန့် အထိရှိနေခဲ့ပြီး ကိုယ်လက်အင်္ဂါ အမျိုးမျိုးချို့တဲ့သူများကို မှတ်တမ်းပြုစုထားရှိပါကြောင်း၊ အဆိုပါ ဒေသခံများသည် အသက် အန္တရာယ်ရှိမှန်းသိပါသော်လည်း စားဝတ်နေရေးချို့တဲ့ခြင်းကြောင့် တောင်ခြေဒေသ များ၊ တောင်ပေါ်တောတွင်း၊ တောင်ယာလုပ်ငန်းများတွင် ကိုယ်လက်အင်္ဂါ စွန့်လွတ်ခဲ့ရသောအဖြစ်ဆိုးများကို မကြာခဏကြုံတွေ့ခဲ့ရခြင်း၊ ယခု စစ်ဖရပ် ခေါ် အပစ်အခတ်ရပ်စဲပြီးတဲ့ နောက်ပိုင်းတွင် လည်း မကြာမဏ မြေမြုပ်မိုင်းဟောင်းများ ပေါက်ကွဲမှုကြောင့် သေဆုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကိုလည်း ကြုံတွေ့နေရပြီး မိသားစု စားဝတ်နေရေး၊ လူမှုရေးတွင် ပဋိပက္ခ များဖြင့် ကြုံတွေ့နေကြရပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRCနှင့် မြန်မာနိုင်ငံကိုယ်လက်အင်္ဂါ မသန်းစွမ်းအသင်း MPHC စသည်အသင်းများအနေဖြင့် ရရှိသောအလှူငွေနှင့် ရန်ပုံငွေများပေါ်မူတည်ပြီး ခြေတုလက်တုများကို တပ်ဆင်ပေးသော်လည်း ပြည့်စုံအောင်ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ ထို့ပြင် ကျောက်ကြီးမြို့နယ်နှင့် အခြား ၃ မြို့နယ်တွင် ဒေသခံများအပြင် တပ်မတော်သားဟောင်းများနှင့် အငြိမ်းစားများ တချို့တဝက် ပါဝင်နေထိုင်ကြသည့် အတွက် ခြေတုလက်တုတပ်ဆင်ရာတွင် အလှသဘောမျိုးမဟုတ်ဘဲ သာမန် လူများကဲ့သို့လုပ်ကိုင်စားသောက် လှုပ်ရှား သွားလာနိုင်သော အခြေအနေမျိုးကိုရရှိရန် အထူးလို အပ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၃၂ ပုဒ်မခွဲ (က)နှင့် (ခ)တွင် မသန်စွမ်းသူများအား နိုင်ငံတော်မှ ကြည့်ရှုစောင့်ရှောက်ရန် ပြဋ္ဌာန်းချက်များနှင့်အညီ မသန်စွမ်းသူများကို ကူညီပေးရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း ကြိုးပမ်းရန်လိုအပ်နေသော အချိန်အခါ လည်းဖြစ်သောကြောင့်
(က)ကျာက်ကြီးမြို့နယ်နဲ့ အခြားသောစစ်ဘေးဒဏ်ခံခဲ့ရသည့်ဒေသများရှိ ခြေလက် အင်္ဂါ ပြတ်တောက် ချို့တဲ့ရသူများအား အထူးအစီအစဉ်ဖြင့် ထိရောက်သော ခြေတုလက်တု တပ်ဆင် လေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိ
(ခ) ခြေလက်အင်္ဂါ ချို့တဲ့သူများအား သာမန်လူများကဲ့သို့ မိသားစုနှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် လက်မှုလုပ်ငန်းများ၊ အခြားသင့်လျော်မှုလုပ်ငန်းများတွင် လေ့ကျင့်သင်ကြား၍ အလုပ်အကိုင်အခွင့် အလမ်းများ စီစဉ်ဖန်တီး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။