(ခ)-နိုင်ငံ့ဝန်ထမ်းများအဖြစ် အမှန်တကယ်အလုပ် လုပ်ကိုင်လို၍ အလုပ်လျှောက်ထားလာသည့် အ သက်(၃၀/၃၅)နှစ်ခန့်ဘွဲ့ရပြီးသူများအား နိုင်ငံ့ဝန် ထမ်းအဖြစ် ဦးစားပေး ခန့်ထားရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးခင်မောင်ညို (ပေါက်) ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်စေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ကာလဖြစ်ပေရာ ဆင်းရဲနွမ်းပါးမှုလျော့ ချရေး၊ အလုပ်လက်မဲ့ လျော့နည်းရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုများ ရှိနေသော်လည်း ဘွဲ့ရ၍ အလုပ်လုပ်ကိုင်လိုသော လူငယ်လူလတ်များ အလုပ်လုပ်ကိုင်ရန် အကြိမ်ကြိမ် အလုပ်လျှောက်ထားရင်း အသက် ၃၀၊ ၃၅ နှစ်ပြည့်သွား၍ နိုင်ငံ့ဝန်ထမ်းဖြစ်ခွင့်မရဖြစ်ကာ အလုပ်လက်မဲ့များအဖြစ် များစွာတွေ့မြင်ကြနေရ ပါကြောင်း၊ ထိုသို့ဖြစ်နေရခြင်းမှာလည်း နိုင်ငံ့ဝန်ထမ်းများ ခန့်ထားရာတွင် အသက်ကန့်သတ်ချက်များနှင့် ခေါ်ယူခန့်ထားပေးနေခြင်းများကြောင့် အလုပ်လျှောက်၍ အလုပ်မရကာ အသက်ကြီးလာပြီး အလုပ်လုပ်ကိုင်ခွင့်များ ဝေးကွာနေကြရပြီး အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိ သွားခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ပေါ်နေမှုများကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသော လူငယ်လူလတ်များနှင့် ၎င်းတို့၏ မိဘများအပါအဝင် အများပြည်သူအပေါင်းတို့က စိတ်မကောင်းဖြစ်ရပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁ တွင် နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့နောက် နိုင်ငံ့ဝန်ထမ်းများခန့်ထားရာတွင် အမှန်တကယ်လိုအပ်၍ အသက်အပိုင်းအခြား ကန့်သတ်ချက်ဖြင့် ခန့်ထားပေးရန် လုပ်ငန်းတာဝန်များမှအပ ကျန်လုပ်ငန်းတာဝန်အများစုကို ခန့်ထားတာဝန်ပေးမှုများတွင် ဘွဲ့ရပြီးအသက် ၃၀၊ ၃၅ နှစ်ခန့် ရှိပြီး အလုပ်လုပ်လို၍ လျှောက်ထားကြသော လူငယ်လူလတ်များ အလုပ်လက်မဲ့နည်းပါးစေရန် နိုင်ငံတော်က တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသည့်သဘောဖြင့် ဦးစားပေးခန့်ထားပေးရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရအပေါ် ပြည်သူများက ကျေးဇူးတင် နေမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအဖြစ် အမှန်တကယ် အလုပ်လုပ်လို၍ အလုပ်လျှောက်ထားလာကြသည့် အသက် ၃၀၊ ၃၅ နှစ်ခန့် ဘွဲ့ရပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် ဦးစားပေးခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သို့ ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် နိုင်ငံတော်မှ မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။