(ဆ)-သနပ်ပင်မြို့နယ်၊မင်းရွာ-ကျီးပင်စုကျေး ရွာမြေသားလမ်းမကြီးအားဖောက်လုပ်ပေးနိုင် ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သနပ်ပင်မြို့နယ်သည် ပဲခူးတိုင်း၏ အရှေ့ခြမ်း၊ စစ်တောင်းမြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိခြင်းကြောင့် မြစ်ချောင်းအင်းအိုင်တွေ ပေါများပြီးတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဒေသခံပြည် သူများသည် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးများတွင် အစစအရာအရာ နောက်ကျလျက်ရှိနေပါကြောင်း၊ ရာသီအကူးအပြောင်းကာလများတွင် မီးမဖွားနိုင်သော အမျိုးသမီးငယ်များနှင့် အရေးပေါ်လူနာများ သည် ဆေးရုံကိုအချိန်မီရောက်အောင်မပို့နိုင်ခြင်းကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများကို ကြုံတွေ့နေရ ပါကြောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများရှိသော ရွာကြီးများသို့ ပို့ပေးနိုင်ခြင်း မရှိသောကြောင့် လေး တန်းနှင့် ကျောင်းထွက်ရသောကလေးများကို တွေ့ရှိရပါကြောင်း၊ ဒေသထွက် ကုန်များရောင်းဝယ်ရာတွင်လည်း အခက်အခဲများတွေ့ကြရပါကြောင်း၊ ဒေသခံပြည်သူ များ ရပ်မိရပ်ဖများအနေဖြင့် မင်းရွာ-ကျီးပင်စုကျေးရွာချင်း ဆက်လမ်းမကြီးကို လွန်ခဲ့သော ၁၀ နှစ်ခန့်ကပင် လမ်းဖြစ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက် ခဲ့သော်လည်း ဒေသခံတောင်သူလယ်သမားများ အနေဖြင့် နှစ်စဉ် လယ်ရှုံး ကြွေးတင်ရှိခြင်းကြောင့် ပြီးမြောက်ခြင်းမရှိခဲ့ပါကြောင်း၊ ယင်းလမ်းမကြီးကို ဖောက်လုပ်ပေးနိုင် မည်ဆိုပါက သနပ်ပင်မြို့နယ်၏ အရှေ့ခြမ်း ကျေးရွာပေါင်း ၃၀ ခန့်နှင့် တဖက်ခြမ်းရှိ ကျေးရွာ ၅ ရွာခန့်အတွက်ပါ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကို အလွန်ပဲ အကျိုးဖြစ်ထွန်းစေပါကြောင်း၊ လမ်းအဖြစ်သာမက ချောင်းအဖြစ်ပါ တူးပေးနိုင်မည်ဆိုပါက မိုးစပါးရေကြီးနစ်မြှုပ်ခြင်း ကိုသက်သာစေသည့် အပြင် နွေစပါးစိုက် ဧက ထောင်ချီစိုက် ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိစေမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ် မင်းရွာ၊ ကျီးပင်စုကျေးရွာ ချင်းဆက် မြေသားလမ်းမကြီးအား ဖောက်လုပ်ပေးပါရန် မေးမြန်းပါသည်။