(ဂ)-မြန်မာနိုင်ငံလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် အဓိကလိုအပ်သောနိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရေးစီမံဆောင် ရွက် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-19

သူရဦးအောင်ကို (ကန်ပက်လက်)နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ခဲ့ကာ နည်းဥပဒေပြဋ္ဌာန်းခဲ့ကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေများကို ပြန်လည် စိစစ်ကြည့်မည် ဆိုပါက လုပ်ငန်းပေါင်း ၈၀၀ ကျော်တွင် ဒေါ်လာသန်းပေါင်း ၅၀၀၀၀ ကျော်ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်ဆောင်ရွက်နေသည့် လုပ်ငန်းအရေအတွက်သည် ၅၆၀ ကျော်နှင့် ရင်းနှီး မြှုပ်နှံမှုသည်လည်း ဒေါ်လာသန်းပေါင်း ၄၀၅၀၀ ကျော်ခန့်သာရှိသည်ကို တွေ့ရှိရပါကြောင်း၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများကို စိစစ်ကြည့်ပါက နိုင်ငံတော်၏ သဘာဝသယံဇာတများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ၏ စုစုပေါင်း ၇၀ ရာခိုင်နှုန်းကျော်ခန့် ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရှိပြီး လယ်ယာကဏ္ဍများတွင် ဝင်ရောက်လာသော FDI ပမာဏသည် ၁ ရာခိုင်နှုန်းခန့်သာ ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း။

ထို့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သော FDI စီးဝင်လာစေရန် မိမိတို့နိုင်ငံတွင် အားနည်းချက်များ၊ ချိတ်ဆက်ရန်များ များစွာရှိသည်ကို သုံးသပ် ရရှိသည့်အပြင် လယ်ယာမြေသိမ်းဆည်းခံရမှု၊ လယ်ယာမြေဈေးကစားမှုကြောင့် ဈေးနှုန်းမြင့်မားလွန်းစေသော ပြဿနာများ၊ တရားဥပဒေစိုးမိုးမှုအားနည်းချက်များကိုလည်း တွေ့ရှိရပါကြောင်း။

နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သော ဆင်းရဲမွဲတေမှုလျော့ပါးရေးနှင့် LDC နိုင်ငံအဆင့်မှ ရုန်းထွက်လွတ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင်  ကျေးလက်နေ တောင်သူ လယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားလာအောင် စွမ်းဆောင်နိုင်မှုအပေါ် အဓိကတည်မှီနေခြင်းကြောင့်  လယ်ယာမြေဆိုင်ရာ ပြဿနာများကို လက်တွေ့ကျကျဖြေရှင်း၍ တရားဥပဒေစိုးမိုးမှု အားကောင်းခိုင်မာလာအောင် တည်ဆောက်ပြီးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရေးကို စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။