(ခ)-ခန္တီး၊ဟုမ္မလင်း၊ဖောင်းပြင်မြို့ရှိ ပြည်သူများ၂၄နာ ရီလျှပ်စစ်ဓာတ်အားရရှိရေးအတွက်မည်သည့်အစီ အမံများရှိသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီး၊ ဖောင်းပြင်၊ ဟုမ္မလင်း မြို့များသည် ၂၄ နာရီဓာတ်အား ရရှိရေးအတွက် ဖဆပလအစိုးရလက်ထက်က စတင်ခဲ့သော ထမံသီစီမံကိန်းကို မျှော်လင့်အားထားခဲ့ကြရပါကြောင်း၊ သို့သော် ယခုအချိန်တွင် ထမံသီစီမံကိန်းကို ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသအတွင်းရှိ ပြည်သူများ မျှော်လင့်ချက် ကုန်ဆုံးသလောက်ဖြစ်သွားခဲ့ရပါကြောင်း၊ ယခုအချိန်၌် ဟုမ္မလင်းမြို့ပေါ်တွင် အိမ်ခြေ ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါး ရှိသော်လည်း ဒီဇယ်မီး ပေးရသည့်အတွက် တစ်ညလျှင် သုံးနာရီမီးလင်းရေးကော်မတီက ပေးပြီး ဓာတ်အားခကမှာ တစ်ယူနစ်ကို ၄၀၀ နှုန်း ပေးရသော်လည်း စက်အားမနိုင်သည့်အတွက် ၅၀၀ ကျောက်ခန့်သာ သုံးစွဲနေရပါကြောင်း၊ ပြင်ပ ပုဂ္ဂလိကဌာန သွယ်ယူရသည့် မီးအားက ဓာတ်အားခမှာ တစ်ယူနစ်လျှင် ၆၀၀၊ ၇၀၀ အထိ ဈေးကြီးပေး၍ သုံးစွဲနေရပါကြောင်း၊ ထို့ကြောင်း ယင်းဒေသရှိ ပြည်သူများ ၂၄ နာရီဓာတ်အားရရှိရေးအတွက် အစီအမံများရှိ/မရှိ၊ လက်ရှိ မဟာဓာတ်အားလိုင်းရရှိနေသော ပင်လယ်ဘူးမြို့မှတစ်ဆင့် ဖောင်းပြင်မြို့ကို ပထမအဆင့်အနေဖြင့် မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မဟာဓာတ်အားလိုင်းမှ သွယ်တန်းပေးရန် အခက်အခဲရှိပါက ၂၄ နာရီဓာတ်အား ရရှိနိုင်ရေးအတွက် အခြားမည်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ပါမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။