(ဂ)-အမ်းမြို့ရှိ၁၀မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း အား ၂ မဂ္ဂါဝပ်ခန့်အထိ လျှော့ပြီး Low-Head Dam Scheme အနေဖြင့်အကောင်အထည်ဖော် ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းသည် လွန်ခဲ့သော (၇) နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ၁၀ မဂ္ဂါဝပ်ရရှိစေရန် ကြိုးစားဆောင်ရွက်ရာတွင် ကုန်ကျလာမည့် စရိတ်နှင့် ရရှိသောဓာတ်အားအချို့သည် အလွန်ကွာခြားချက်ရှိ ပါကြောင်း၊ ထိုအချိန်က ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရန် ခဲယဉ်းသည့်အတွက် ယခုကဲ့သို့ အကုန်အကျ အမြောက်အများရှိမည့် စီမံကိန်းကို နိုင်ငံတော် က ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ယခုအခါ မဟာဓာတ်အားလိုင်းကြီးသည် အမ်းမြို့ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၁၂-၁၃၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် နှစ်ခု လုံး အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း၏ ကုန်ကျငွေသည် သန်းပေါင်းသုံးထောင်၊ လေးထောင် ခန့်ကုန်ကျပြီးဖြစ်သည့်အပြင် ရေစိမ့်တားနံရံသည် ပြီးစီးပြီဖြစ်သောကြောင့် စီမံကိန်းကို ရပ်နားလိုက်မည့်အစား ၂ မဂ္ဂါဝပ်လောက်ပဲထုတ်မည့် Low-Head စီမံကိန်းမျိုး လုပ်ရန်ရှိပါက အမ်းမြို့သည် သောက်ရေသုံး ရေ ဖူလုံနိုင်သည့်အတွက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ၁၀ မဂ္ဂါဝပ် အမ်းချောင်းရေ အားလျှပ်စစ်စီမံကိန်းအား ၂ မဂ္ဂါဝပ်အထိ လျှော့ချပြီး Low-Head Dam Scheme အနေဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။