(ဂ)-တိုင်းရင်းသားလူမျိုးများနှင့်စပ်လျဉ်းသည့်ကိစ္စ ရပ်များကို ဆောင်ရွက်မည့် တိုင်းရင်းသား လူမျိုး များရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး(သို့)ပြည် နယ်ဝန်ကြီး ဌာနများ နှင့်စပ်လျဉ်းပြီး မည်သို့ စီ မံဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် (၈/၂၀၁၅)ဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ၂၄-၂-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ ပြီးဖြစ်ပါကြောင်း၊ ၎င်းဥပဒေ၏ အခန်း(၄) ပုဒ်မ ၆ တွင် နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားလူမျိုးများ ရေးရာကိစ္စရပ်များကို အလေးထား ဆောင်ရွက် နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားပြီး ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ဃ)တွင် နိုင်ငံတော် သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများကို ပြည်ထောင်စု အစိုးရအဖွဲ့က မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။