(က)-နတ်မတောင် အမျိုးသားဥယျာဉ် ဇီဝအဝန်းအ ဝိုင်းထိန်းသိမ်းရေး နယ်မြေ(Biosphere Reserve) အဖြစ် ထိန်းသိမ်းရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
နတ်မတောင် အမျိုးသားဥယျာဉ်ကို ၁၉၉၄ ခုနှစ်တွင် စတင် တည်ထောင်ပြီး ၂၀၁၀ ခုနှစ်တွင် နိုင်ငံတော်က အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် အရှေ့တောင်အာရှဆိုင်ရာ သဘာဝ အမွေအနှစ် အမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့ပြင် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘာ့သဘာဝအမွေအနှစ်အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် မြန်မာနိုင်ငံအစိုးရက ထပ်မံအဆိုပြုချက်အပေါ် ယူနက်စကိုအဖွဲ့မှ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင် သိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးပါဝင်သည့်အဖွဲ့က ၂၀၁၄ ခုနှစ် ဧပြီလတွင် လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး နတ်မတောင်အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သဘာဝအမွေအနှစ် သတ်မှတ်နိုင်ရန် ပထမအဆင့်လူသားနှင့် ဇီဝအဝန်းအဝိုင်းထိန်းသိမ်းရေးနယ်မြေ (Man and Biosphere Reserve) အဖြစ် သတ်မှတ်ပြီးနောက် လေး၊ ငါးနှစ် ကာလအတွင်း ထိန်းသိမ်းရေးအဆင့်အတန်း ပြန်လည် မြင့်မား လာမည်ဆိုပါက ကမ္ဘာ့သဘာဝအမွေအနှစ်အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်သည်ဟု ဆွေးနွေး ဖော်ပြခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်အတွင်း မြို့ပြယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ်များအဖြစ် ဟန်လင်း၊ ဗိဿနိုး၊ သရေခတ္တရာတို့ကို သတ်မှတ်ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာဖြစ်ပြီး နိုင်ငံတော်၏ခရီးသွားလုပ်ငန်းများ၊ နိုင်ငံခြားဝင်ငွေရရှိရေးနှင့် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း များရရှိစေကာ ဆင်းရဲမှုလျော့ချရေးအတွက် အကျိုးများစွာရရှိစေပါကြောင်း၊ ထို့ကြောင့် နတ်မတောင် အမျိုးသားဥယျာဉ်ကို ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် အတည်ပြု သတ်မှတ်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအနည်းဆုံးနှင့် အနာဂတ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်အရ စနစ်တကျ ဖော်ဆောင်နိုင်ရန်၊ တန်ဖိုးကြီးများသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးတွင် ဒေသခံများ လက်ခံပူးပေါင်းလာစေရေးအတွက် နှစ်တိုနှစ်ရှည်စီမံကိန်း ရေးဆွဲဆောင်ရွက်လျက် (Biosphere Reserve) ဇီဝ အဝန်းအဝိုင်းထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်အကောင်အထည် ဖော်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။