(ဂ)-အိမ်ခြံမြေကိစ္စ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်း၊ ချေးငွေနှင့် မတည်မှုငွေ ရရှိနိုင်ရန်ဆောင်ရွက်ခြင်း၊မြေဂရန် အခက်အခဲ ရှိသောကျေးရွာများတွင် မည်ကဲ့ သို့ဆောင်ရွက်နိုင်မည်တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးဝင်းဆွေ ( ညောင်ရွှေ မဲဆန္ဒနယ်) (1435) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အလုပ်အကိုင်ရရှိရေး ပြည်သူများစီးပွားတိုးတက်လာစေရေး၊ ပုဂ္ဂလိကလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းများကို ပံ့ပိုးမှုတစ်ရပ်အနေဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ပြီး ချေးငွေများ ထုတ်ချေးနေသည်ကို ကြားသိနေရပါကြောင်း၊ မြို့ပေါ်ရှိ အသေးစား၊ အလတ်စားလုပ်ငန်းများမှာ အိမ်ဂရန်များအား အာမခံထားရှိ၍ ချေးငွေအရင်းအနှီးများ ရရှိနေပြီဖြစ်သော်လည်း မြို့နယ်၊ ကျေးရွာများတွင် လုပ်ငန်းရှင်များမှာ အကျိုးခံစားခွင့် လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာနားလည်းခြင်းမရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ ချေးငွေနှင့် မတည်မှုငွေရရှိနိုင်ရေးအတွက်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းပိုင်းဆိုင်ရာနည်းလမ်းများ၊ ညွှန်ကြားချက်များနှင့် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း၊ ထို့အပြင် ကျေးရွာများတွင် မြေဂရန်ပြုလုပ်ရန် အခက်အခဲရှိသဖြင့် မြေဂရန်အစား မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။