(ခ)-မဲဆွယ်စည်းရုံးစဉ်ကာလများ၌ မည်သည့် ပုံစံ၊ အသုံးအနှုန်း၊အပြုအမူ၊ပြောဆိုမှုစသည်များကိုမပြု လုပ်ရန်သတ်မှတ်ထားသည်နှင့် သတ်မှတ်ချက်များ ကိုကျူးလွန်ပါကမည်ကဲ့သို့အရေးယူမည်ကိုပြည်သူ များ ကြိုတင်သိရှိနိုင်ရန် နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၅ ခုနှစ် နှောင်းပိုင်း၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ယူထားသူများ၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံနိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီစနစ်၊ ယဉ်ကျေးမှုစတင်ချိန်တွင် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များကို ပြည်သူ အများစုနှင့် နိုင်ငံရေးပါတီတချို့ကပါ လုပ်ဆောင်ပေးနေသကဲ့သို့ ရည်ညွှန်းပြောဆိုမှုများ ရှိနေပါကြောင်း၊ တာဝန်ထမ်းဆောင်နေသူများ ကိုယ်တိုင်ကလည်း ပိုက်ဆံစိုက်ထုတ်ပေးနေ သကဲ့သို့ ပြည်သူများကို ပြောဆိုနေသည်ကို မိမိကိုယ်တိုင် ကြုံတွေဖူးပါကြောင်း၊ နားလည်သောပြည်သူတချို့၏ ဝေဖန်မှုများကိုလည်း မိမိတို့ မကြာခဏ ကြားနေရပါကြောင်း၊ တာဝန်ထမ်း ဆောင်နိုင်ရန်အတွက် ပြည်သူ့ဘဏ္ဍာငွေများနှင့် ပံ့ပိုးပေးထားသော မိမိတို့ အဆောင်ယောင်များ၊ ယင်းအဆောင်အယောင်များကို ပုဂ္ဂလိကကိုယ်ကျိုး မဲဆွယ်စည်းရုံးရာတွင် အသုံးချခွင့်ပြုမည်ဆိုပါက တရားမျှတမှု ရှိ/မရှိ၊ ဥပဒေနှင့်ညီ/မညီ၊ နိုင်ငံအတွက် နစ်နာမှုရှိ/မရှိ ကို စဉ်စားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မဲဆွယ်စည်းရုံးစဉ်ကာလတွင် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်၊ ပြည်သူကို ပုံမှားရိုက်ပြီး မဲဆွယ်သည့် မည်သို့သော ပုံစံ၊ အသုံးအနှုန်း၊ ပြောဆိုမှုများကို မပြုလုပ်ရန် သတ်မှတ်ထားသည် ကိုသိရှိလိုပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ဆန့်ကျင်ပြုမူ ကျူးလွန်ကြောင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပြည်သူများအနေဖြင့် မည်ကဲ့သို့ တိုက်ရိုက်တင်ပြ တိုင်ကြားနိုင်သည်နှင့် သတ်မှတ်ချက်များကို ကျူးလွန်ပါက မည်ကဲ့သို့ ထိရောက်စွာအရေးယူမည်ကို သိရှိလိုကြောင်း မေးမြန်းသည်။