(ခ)-နိုင်ငံတော်အတွင်း သစ်တော ပြုန်းတီးခြင်းမှ ကာကွယ်ရန်မည်သို့သောအစီအမံများဆောင်ရွက် ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးမရမီကာလက တစ်နိုင်ငံလုံး သစ်တောဧရိယာ ၇၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရပြီး ထိုမှတဖြည်းဖြည်းလျော့နည်းလာခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ်အရောက်တွင် Forest Resources Assessment (FRA) ၏ (၅)နှစ်တစ်ကြိမ် အစီရင်ခံစာအရ ၄၆.၉ ရာခိုင်နှုန်းသာရှိတော့ပါကြောင်း နှင့် သစ်တောဧရိယာ ၂၅.၃၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးရရှိသည့် ကိန်းဂဏန်းလူဦးရေ ၅၁.၄ သန်းရှိကြောင်း၊ ယင်းနောက် အိမ်ထောင်စု ၁၀.၈ သန်းနှင့် ကျေးရွာနေအိမ်ထောင်စု ၇ သန်းရှိပြီး မြို့နယ်အိမ်ထောင်စု ၃.၈ သန်း၊ တောနှင့် မြို့ပါ ထင်းအသုံးပြုကြောင်း နှစ်စဉ်သစ်ပင်ပေါင်း သန်း ၂၀ ခန့် ခုတ်လှဲခတ်နေရကြောင်း သိရှိရပါသည်။ သစ်ပင်ခုတ်ပြီး စွမ်းအင်အဖြစ်၊ လောင်စာအဖြစ် ထင်းကိုအသုံးပြုသည့်နေရာတွင် အကြောင်းအရာနှစ်ခုတွေ့ရပါကြောင်း၊ ပထမတစ်ခုအနေဖြင့် လူသားအားလုံး နေ့စဉ်ချက်ပြုတ်ရန်အတွက် ထင်းများကိုကိုင်းဖျား၊ ကိုင်းနားမကျန် ခုတ်နေကြရပါကြောင်း၊ ဒုတိယတစ်ခုအနေဖြင့် ဗာဂျီးနီးယား ဆေးပေါင်းရုံများ၊ အုတ်ဖုတ်သူများ ၊ အိုးဖုတ်သူများနှင့် အစာအခြောက်လှန်းသူများ စသည့်အချက်များကြောင့် ထင်းအမြောက်အမြား သုံးစွဲနေရခြင်းဖြစ်ပါကြောင်း၊ ကျန်သစ်ပင်ခုတ်လှဲမှုများမှာ ကုန်ထုတ်လုပ်နိုင်ရေးနှင့် နေထိုင်ရေးအတွက် ခုတ်လှဲရခြင်းများရှိပါကြောင်း၊ ယခုအချိန်တွင် စိုက်ခင်းသစ်များ ပြုန်းတီးသည့်ဧရိယာအားလုံး မီအောင် ကြိုတင်မစိုက်ပျိုး၊ မထိန်းသိမ်းပါက နောင် မိမိတို့နိုင်ငံသည် သဲကန္တာရနိုင်ငံအဖြစ်သို့ ရောက်ရှိသွားမည်ကို အလွန်စိုးရိမ်ရသည့် အခြေအနေရောက်ရှိနေပါကြောင်း၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလက မိမိတို့ အထက်မြန်မာပြည်တွင် တစ်ကြိမ်တည်းနှင့် မိုးရေချိန် ၇ လက်မရွာသည့် အခါမှာ ယောချောင်းရေတွေ ရွာထဲကိုဝင်တယ်၊ လူများ၊ တိရစ္ဆာန်များ ဒုက္ခရောက်ရပါကြောင်း၊ ထို့ကြောင့် အတားအဆီးမရှိ ယောချောင်းရေ များ ဝင်ရောက်ခဲ့သည်ကို သာဓကတစ်ခုအနေဖြင့် ထင်ထင်ရှားရှားပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆိုရင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အများအားဖြင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင်ရှိသည့် တောတောင်များ ပြုန်း၍ တောင်ဂတုံးဖြစ်နေပြီး သစ်တောထူထပ်ပါသည်ဆိုသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်များလည်း တစ်ဖက်နိုင်ငံကို တရားဝင်/တရားမဝင် သစ်တင်ပို့မှုကြောင့် တဖြည်းဖြည်းသစ်တောများ လျော့နည်းစပြုလာပါပြီး တရားမဝင်သစ်ခိုးထုတ်မှုများလည်း တစ်ဖက်နိုင်ငံသို့ ထိစပ်သော ကချင်နှင့် ချင်း၊ ရှမ်းတို့မှ အများဆုံးဖြစ်ပွားလျက်ရှိနေပါကြောင်း၊ ဥတုရာသီတောကိုမီသည် ဆိုသည့်အတိုင်း စိုက်ပျိုးရေးနိုင်ငံဖြစ်၍ ရာသီဥတုကောင်းမွန်စေရန် သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်း ထားနိုင်ရန် သစ်တောသစ်ပင်များ မပြုန်းတီးရန် အထူးလိုအပ်ပါကြောင်း၊ ၁-၄-၂၀၁၄ ခုနှစ် မှစ၍ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့ရောင်းချမှု လုံးဝရပ်ဆိုင်းကြောင်းနှင့် တန်ဖိုးမြင့်သစ်အချောထည်များ တိုးမြင့်ထုတ်လုပ်ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ထုတ်လုပ်သုံးစွဲသော သစ်တောများ ပြုန်းတီးဆုံးရှုံးသလောက် နိုင်ငံအတွင်း သစ်တောသစ်ပင်များ ပြန်လည်ဖြစ်ထွန်းရှင်သန်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး စိမ်းလန်းစိုပြေစေရေး နိုင်ငံတော်အတွင်း သစ်တောပြုန်းတီးခြင်းမှ ကာကွယ်ရန် မည်သို့သောအစီအမံများဖြင့် ဆောင်ရွက်ထားခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။