(င)-ရော်ဘာစိုက် တောင်သူများအတွက် ထောက် ပံ့ငွေများပေးရန်နှင့်ရော်ဘာဈေးကွက်တည်ငြိမ်ရန်နိုင် ငံတော်အစိုးရကအနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဒေါ်မိမြင့်သန်း (ရေး မဲဆန္ဒနယ်)မိမိတို့ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်တောင်သူများ များစွာအသက်မွေးဝမ်းကျောင်းပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးများတွင်လည်း များစွာ ဆောင်ရွက်နေ သည်ကို တွေ့ရှိရပါကြောင်း၊   မွန်ပြည်နယ်တွင် စိုက်ပျိုးမှုဧက ၄၇၀၀၆၆ ဧကရှိပြီး အစေးလှီး ဧက ၂၉၃၁၉၉ ဧကရှိပါသည့်အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ရော်ဘာဥယျာဉ်ခြံ အများအပြား ရှိနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊   မွန်ပြည်နယ်တွင် ရော်ဘာ အစေးလှီးသူ ၁၄၆၅၆၀ ဦးရှိသည်ကို အကြမ်းဖျင်းလေ့လာတွေ့ ရှိရပါကြောင်း၊ ၎င်းတို့အနေဖြင့်ဝင်ငွေ နည်းပါးပြီး အစေးဈေး သည်လည်း ကျဆင်းနေသောကြောင့် လုပ်ငန်းများကို စွန့်လွှတ်နေရပါကြောင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ရော်ဘာခြံများကို အမှီပြုပြီး အစေးလှီးနေသည့်လူဦးရေဟာ ၁ သန်းနီးပါးခန့်ရှိပါကြောင်း။ ၂၀၁၃-၁၄ တွင် ရော်ဘာဈေး၏ ဈေးနှုန်းများ အများကြီး ကျဆင်းနေပါကြောင်း၊ အိမ်နီးနားချင်းနိုင်ငံကို လေ့လာကြည့်ပါက ယင်းကိစ္စနှင့် စပ်လျဉ်း၍ အစိုးရက တာဝန်ယူမှု ရှိနေသည်ကို လေ့လာသိရှိရသည့်အတွက် (၁) ရော်ဘာစိုက် တောင်သူများအတွက် နိုင်ငံတော် အနေနှင့် ထောက်ပံ့ငွေများပေးဆောင်မှု အစီအစဉ်များရှိ/မရှိ။ (၂) ရော်ဘာ ဈေးကွက်ကို တည်ငြိမ်ရန် တောင်သူလယ်သမားများ အကျိုးအတွက် နိုင်ငံတော်အစိုးရက အနိမ့်ဆုံးအဆင့် ဈေးသတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိဆိုသည်များကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။