(ဃ)-တောင်သူလယ်သမားများ၏ဆန္ဒမှာသီးနှံစတင် စိုက်ပျိုးချိန်တွင်သမဝါယမချေးငွေတစ်သိန်းကိုချေးပေး ပြီးသီးနှံပေါ်ချိန်တွင်ပြန်ဆပ်မည့်ချေးငွေကို(၆)လတစ် ကြိမ်အစားတစ်နှစ်သို့ပြောင်းလဲပေးရန်အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဒေါက်တာအောင်သန်း (ရွှေဘို) ရွှေဘိုမြို့နယ် ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံချက်အရ သမဝါယမဝန်ကြီးဌာန၏ စီမံမှုဖြင့် လယ်ယာမြေ အနည်းဆုံး ၂ ဧကရှိသော အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်း၊ အတိုးနှုန်း ၁.၅ ရာခိုင်နှုန်းနှင့် ၆ လ တစ်ကြိမ် ချေးပေးလျက်ရှိပါကြောင်း၊ ၆ လ ပြည့်သည့်အခါ ငါးဦးဝိုင်းချုပ်စနစ်ဖြင့် ပြန်ဆပ်ပါက ရက်ပိုင်းအတွင်း ပြန်ချေးပေးသည်ဟုသိရပါကြောင်း၊ တောင်သူလယ်သမားများမှာ ချေးငွေပြန်ဆပ်ချိန်သည် သီးနှံပေါ်ချိန် မဟုတ်ပါက ဆပ်ရန်ငွေမရှိသဖြင့် တခြားငွေရှင်၊ ကြေးရှင်များထံမှ ၁၀၀ လျှင် တစ်လ ၇ ကျပ်၊ ၈ ကျပ်တိုးဖြင့် ချေးပြီးမှသာ ပြန်ဆပ်နေရပါကြောင်း၊ ထို့ကြောင့် ပြန်ဆပ်ချိန်တွင် အတိုးငွေသည် သမဝါယမချေးငွေ ကျပ်တစ်သိန်း ၆ လအပေါ် အတိုး ၉၀၀၀ ကျပ်နှင့်  ပြင်ပကချေးယူပြီး ၁ လအတွက် ၇၀၀၀၊ ၈၀၀၀ ကျပ် ပေးနေရပါကြောင်း၊ တောင်သူလယ်သမားများ၏ဆန္ဒမှာ သမဝါယမချေးငွေကို ၆ လ တစ်ကြိမ် ချေးပေးခြင်းအစား ချေးငွေကာလကိုတစ်နှစ်သို့ ပြောင်းလဲသတ်မှတ်ပေးပါက ပိုမိုအဆင်ပြေမည် ဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်ကို သမဝါယမဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။