(က)- ပြည်ပမှခိုးသွင်းလာသည့်(၈)ပေစလောင်း၊ JPM ခေါ် လိမ္မော်ရောင်ဗန်း၊ PSI ခေါ်အမဲရောင် ဗန်း စသည်ဖြင့် တရားမဝင် ဂြိုလ်တုစလောင်း များနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူဆောင် ရွက်သွားမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးသိန်းညွန့်( သင်္ဃန်းကျွန်းမဲဆန္ဒနယ်) (1388)၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံတစ်ဝန်းလုံးတွင် ပြည်ပကတင်သွင်းလာသော (၈)ပေ စလောင်းများ၊ ဂြိုလ်တုစလောင်းများ အများအပြားတပ်ဆင်ထားသည်ကို တွ့ရှိရမည်ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၄ တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနည်းပညာအထောက်အကူပြုရန် ရည်ရွယ်ထားသော်လည်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင်လုပ်ကိုင်သူများနှင့် အသုံးပြုသူများကို ဥပဒေနှင့်အညီ ကာကွယ်ပေးဖို့လိုအပ်ပါကြောင်း။  နိုင်ငံခြားမှ တရားမဝင်တင်သွင်းလာသော စလောင်းများသည် အခွန်အကောက်စီးပွားရေးထိခိုက်သည့်အပြင် နိုင်ငံတကာ အကြမ်းဖက်ဝါဒအစွန်းရောက် အယူအဆများ အားပေးသည့် ဘာသာရေးဆိုင်ရာတင်ပြချက်များသည်လည်း စလောင်းမှတစ်ဆင့် တော်တော်များများပါဝင် သည်ကိုကြားသိရပါကြောင်း၊ ထို့ကြောင့် (က) ဥပဒေမဲ့ခိုးသွင်းလာသည့် စလောင်းများအပေါ်  မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်။ (ခ) အဆိုပါ ခိုးသွင်းစလောင်းများကြောင့် ဥပဒေနှင့်အညီ တည်ထောင် လုပ်ကိုင်မှုများကို ထိခိုက်စေ၍ မည်ကဲ့သို့ကာကွယ်ပေးမည်နည်း။ (ဂ) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူ လုံခြုံရေးအတွက် မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်သွားပါမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။