(က)-ဥပဒေရုံး၊ တရားရုံးတို့တွင် ဥပဒေကိုလက် တစ်လုံးခြားလုပ်မှုနှင့်အခွင့်အာဏာကိုအလွဲသုံးစား လုပ်မှုပပျောက်စေရန်အဂတိ လိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် အနေဖြင့် အမှုသည်အသွင်ယူ ၍စုံစမ်းဖော်ထုတ်အရေးယူ ပေးပါရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီ ကို ရောက်ရှိလာသော တိုင်ကြားစာများစွာတွင် ဥပဒေရုံးများ၊ တရားရုံးများမှ လာဘ်ပေးလာဘ်ယူ ကျူးလွန်၍ ဆောင်ရွက်နေသည်ဟု တင်ပြတိုင်တန်းချက်များ များစွာရှိနေပါကြောင်း၊ တိုင်ကြားစာများတွင် တရားစတင် စွဲဆိုသည့်အချိန်မှစ၍ စွပ်စွဲခံရသူများကို အမှုတွဲစာများနှင့် မမှန်သက်သေတည်ဆောက်ပြီး အာမခံမရနိုင်သည့် ပုဒ်မများ တပ်ပြီး မြို့နယ်ဥပဒေရုံးများမှ လာဘ်ယူနိုင်သည်ဟု ယူဆနိုင်သော တိုင်ကြားချက်များ၊ အမှုသည်များအချင်းချင်း အပြန်အလှန် ကျေအေးရုပ်သိမ်းခြင်းများကို အထက်အဆင့် တိုင်းဥပဒေရုံးများအတွက်ဟုဆိုကာ ငွေတောင်းမှုများရှိနေပြီး ငွေမပေးပါက အမှန်တကယ် ရုပ်သိမ်းခွင့် မရဘဲ ပြစ်ဒဏ်ကျခံရခြင်းများ ရှိနေပါကြောင်း၊ အခြားသောလာဘ်ပေးလာဘ်ယူ တိုင်တန်းမှုများစွာ ရှိသော်လည်း ယနေ့ ပြည်သူများ၏ တိုင်ကြားမှုအပေါ် ဆောင်ရွက်မပေးနိုင်သည်မှာ သက်သေမခိုင်လုံဟူသော အကြောင်းပြချက်ဖြစ်နေပါကြောင်း၊ ပြစ်မှုလာဘ်ပေးလာဘ်ယူကျူးလွန်သူများသည် အများပြည်သူ မြင်သာအောင် ကျူးလွန်ကြခြင်းမရှိသဖြင့် သက်သေပြပြီး တိုင်တန်းရန်အခက်အခဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ဥက္ကဋ္ဌကြီး မကြာခဏမိန့်ကြားသကဲ့သို့ ပြည်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ပြီး မိမိတို့လွှတ်တော်က ပြည်သူကိုကာကွယ်စောင့်ရှောက်သော၊ အကျိုးပြုသော ဥပဒေများကို ပြဋ္ဌာန်းပေးပါသော်လည်း ဥပဒေကိုလက်တစ်လုံးခြားပြု၍ လာဘ်ပေးလာဘ်ယူကျူးလွန်ကာ ဆောင်ရွက်နေသဖြင့် ပြည်သူ အချို့သည် ဥပဒေ၏ အကာအကွယ်မဲ့နေသည်ကို တွေ့ရှိနေရပါကြောင်း။
သို့ဖြစ်ပါ၍ ဥပဒေရုံး၊ တရားရုံးတို့တွင် ဥပဒေကိုလက်တစ်လုံးခြားလှည့်၍လည်းကောင်း၊ ပြည်သူပေးထားသော အခွင့်အာဏာကို အလွဲသုံးစားပြုလုပ်၍ ခြိမ်းခြောက်ငွေတောင်းမှုများ ပပျောက်စေရန် သက်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဥပဒေရုံး၊ တရားရုံးများတွင် အမှုသည်အသွင်ယူ၍ စုံစမ်းဖော်ထုတ်ပေး ပါရန်နှင့် ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။