(ခ)-ပြည်သူများ မြေပုံ(၁၀၅/၁၀၆) ရေးဆွဲခွင့်နှင့် ဂရန်လျှောက်ထားခြင်းတွင် လွယ်ကူလျင်မြန်စွာ ရရှိစေရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည် နယ်အစိုးရကမည်ကဲ့သို့ကူညီပံ့ပိုးဆောင်ရွက်ပေး မည်နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့ ရှမ်းပြည်နယ်တွင် မြေပုံ ၁၀၅ ရေးဆွဲရာ၌ မြေပုံ ၁၀၅ ရေးဆွဲလိုသူ၏ အရောင်းအဝယ်စာချုပ်၊ ရပ်ကွက်စာချုပ်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင် စုဇယား၊ ရပ်ကွက်ထောက်ခံချက်၊ မြေကွက်အလျား၊ အနံ မြေပုံ စသည့် အချက် (၅)ချက်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို ဦးစွာလျှောက်ထားရခြင်း၊ ထိုမှတစ်ဆင့် ခရိုင်(ထွေ/အုပ်)၊ မြို့နယ်(ထွေ/အုပ်)ရုံးများသို့ ပေးပို့၍ ကွင်းဆင်းစစ်ဆေးခြင်းများရာတွင် ၁၀ လခန့် ကြာမြင့်ခြင်း၊ ထိုသို့ဆောင်ရွက်ပြီးနောက် အထက်ပါရုံးဌာနများ၏ သဘောတူညီချက်များအပြည့်အစုံဖြင့် မြို့နယ်အုပ်ချုပ်ရေး EC အစည်းအဝေးပြုလုပ် အတည်ပြုချက်ရယူခြင်း၊ ထိုမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ရှမ်းပြည်အစိုးရအဖွဲ့၊ မြို့နယ်မြေစာရင်းမှူး၊ စည်ပင်အလုပ်အမှုဆောင် စီမံကိန်းဦးစီးမှူး၊ ပြည်တွင်း အခွန်ဦးစီးမှူးများ၏ လက်မှတ်များဖြင့် တင်ပြပြီးနောက် မြန်မာ့စီးပွားရေးဘဏ်တွင် ရှမ်းပြည်နယ် အစိုးရ၏ ညွှန်ကြားစာဖြင့် ရှမ်းပြည်နယ်မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရန်ပုံငွေ၏ စာရင်းတို့ မြေ၏ တန်ဖိုးဖြင့် အခွန်နှုန်းများစွာ ဆောင်ရခြင်း၊ အခွန်ဆောင်ပြီး မြေစာရင်းပြေစာဖြင့် ရှမ်းပြည်နယ်အစိုးရက မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးကူးခွင့် ပြုကြောင်း မြေငှားဂရန်လျှောက်ထားခြင်းအား ခြောက်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မဆောင်ရွက် ပါက မြေပုံစံ (၁၀၅/၁၀၆) အားပယ်ဖျက်ရန် စာပြန်လာခြင်းများသည် ပြည်သူများအတွက် များစွာအခက်အခဲကြုံတွေ့နေရသည်ကို တင်ပြလာကြပါကြောင်း။
ထို့ကြောင့် အဆိုပါရှမ်းပြည်နယ်အစိုးရ၏ မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးကူးရေး လုပ်ထုံးလုပ်နည်းများသည် မြေစာရင်းလက်စွဲဥပဒေ၊ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မြေစာရင်းပုံစံ(၁၀၅/၁၀၆)ရေးကူးရာတွင် ရှမ်းပြည်နယ်နှင့် တူညီသော လုပ်ထုံးလုပ်နည်းများဖြင့် ပြုလုပ်ခြင်းရှိ/မရှိ၊ ပြည်ထောင်စုအစိုးရက ဤသို့ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းရှိ/မရှိနှင့် ထုတ်ပြန်ထားသည်ဆိုပါက မြေစာရင်းလက်စွဲဥပဒေ၊ သက်ဆိုင်ရာဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်းကောင်း၊ ထုတ်ပြန်ထားခြင်းမရှိပါက ပြည်ထောင်စု အစိုးရက မည်ကဲ့သို့ပံ့ပိုးကူညီဆောင်ရွက်ဖြေရှင်းပေးကိုလည်းကောင်း၊ ပြည်သူများမြေပုံ(၁၀၅/၁၀၆) ရေးဆွဲ ခွင့်နှင့် ဂရန်လျှောက်ထားခြင်းတွင် လွယ်ကူလျင်မြန်စွာရရှိစေရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့က မည်ကဲ့သို့ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်နှင့် မဆောင်ရွက်ပေးနိုင့်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။