(င)-ခေတ်စနစ်နှင့်ညီညွတ်သောအခွန်ဆိုင်ရာဥပဒေ များအမြန်ပြုပြင်ပြဋ္ဌာန်းပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-19

သူရဦးအောင်ကို (ကန်ပက်လက်)မိမိအနေဖြင့် ပထမအကြိမ် ပြည့်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး တွင် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ တိုးတက်ရရှိရန် အတွက် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့ရာ အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ခုနကလွှတ်တော်၏ လုပ်ငန်းဆောင်တာများ လွယ်ကူမြန်ဆန်စေရန်အတွက် အဆိုတင်သွင်းသူက သက်ဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲတင်သွင်းရန် လမ်းညွှန်ချက်ဖြင့် သတ္တမပုံမှန် အစည်းအဝေးတွင် မိမိအနေဖြင့် ဥပဒေကြမ်းတစ်ရပ်ကို ထပ်မံတင်သွင်းခဲ့ပါကြောင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဤလွှတ်တော်က ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အကြောင်းပြချက် ငါးရပ်ဖြင့် ဆိုင်းငံ့ ထားပေးကြောင်းပြန်ကြားလာပါကြောင်း၊ ယင်းအကြောင်းပြချက်များကို ခြုံငုံသုံးသပ်ရပါက ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲရေး  စည်ပင်လုပ်ငန်းစသည့် အထောက်အကူပြု ကုမ္ပဏီအသီးသီးကို အမိန့်ကြော်ငြာစာနှင့် ထုတ်ပြန်ပြီး ဆောင် ရွက် နေချိန် တွင် ကော်မတီများအများအပြား ရှုပ်ထွေးမှုမဖြစ်စေရန် အတွက် ဖြစ်ကြောင်းသုံးသပ်ရရှိပါကြောင်း။ တစ်ဖက်တွင် လည်း မိမိတို့တင်ပြခဲ့သလို အဆိုကိုမူတည်ပြီး နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာငွေစည်းကြပ်မှု ဗဟိုကော်မတီကို သူရဦးသောင်းလွင်ဦးစီးပြီး ဖွဲ့စည်းပြီးဆောင်ရွက်ရာတွင် မိမိတို့ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ရရှိသော အခွန်သည် ယခင်နှစ်များထက် ၆၆၉ ဘီလီယံပိုမိုရရှိကြောင်း သိရှိရပါသည်။

ယနေ့ မိမိတို့နိုင်ငံမှ လက်ခံကျင့်သုံးနေသော အခွန် ၁၄ မျိုးမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ငါးမျိုး တာဝန် ယူကောက်ခံပြီး ကျန်အခွန်အမျိုးအစားများကို ဒေသအလိုက် ကောက်ခံရမည်ဖြစ်ပါကြောင်း၊ အခွန်ရရှိမှု အချိုးမှာ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၉၇ ရာခိုင်နှုန်းရရှိပြီး ဒေသအလိုက် ကောက်ခံသော ကျန်အခွန် ၉ မျိုးမှာ ၃ ရာခိုင်နှုန်း ကျော်ခန့်သာရကြောင်းတွေ့ရပါသည်။

နိုင်ငံတော်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်သည် အဓိကကျပြီး အခွန်ကောက်ခံသည်ဆိုသည်မှာ ဘဏ္ဍာရန်ပုံငွေရရန် သက်သက်မဟုတ်ပဲ နိုင်ငံတော်အတွင်း ငွေကြေးစီးဆင်းမှု၊ ငွေကြေးလှည့်ပတ်မှု မှန်ကန်စေ ရန်၊ ငွေကြေးဖောင်းပွမှုလျှော့နည်းစေရန်၊ ဝင်ငွေကွာဟမှုလျှော့နည်းစေရန် တို့အပြင် နိုင်ငံတော်က အကောင် အထည်ဖော်ဆောင်ရွက်နေသော စီးပွားရေးစနစ်ကို အထောက်အကူပြုပေးနိုင်ရန် အတွက် ဖြစ်ကြောင်း လည်း လေ့လာသိရှိရပါကြောင်း၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အခွန်ရှောင်လွှဲခြင်း အခြေအနေမှာလည်း ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လူတိုင်းအခွန်ဆောင်ရမည်ဆိုသည်ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သိရှိ လက်ခံပြီး သက်ဆိုင်ရာ အစိုးရများ အနေဖြင့်လည်း ရသည့်အခွန်ကို ပြည်သူလူထုသိအောင် ရှင်းရှင်းလင်းလင်း အသုံးပြုပါကြောင်း၊ ထိုပြင် အခွန်ငွေသုံးစွဲမှုအပါအဝင် ဆက်လက်ဆောင်ရွက်မည့် နိုင်ငံတော်အတွင်း စီမံကိန်း လုပ်ငန်းများကိုလည်းပဲ ပြည်သူတွေသိရှိအောင် ကြိုတင် သတင်းထုတ်ပြန်မှုလည်း ပါပါကြောင်း၊ ထို့ကြောင့် ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ကို ပြည်သူလူထု တစ်ရပ်လုံးက တာဝန်သိသိ ထမ်းဆောင်နေကြ ပါကြောင်း။

အာဆီယံနိုင်ငံများတွင် အခွန်ရငွေနှင့် အချိုးကနှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံသည် အနိမ့် ဆုံးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် GDP အချိုး နိမ့်ကျရခြင်းအကြောင်းမှာ ဝန်ကြီးဌာနအချို့၏ စီးပွားရေး လုပ်ငန်းများမှ ပြည်သူဘဏ္ဍာငွေများကို သုံးစွဲတဲ့နေရာ၌ စနစ်မကျမှု၊ မရိုးဖြောင့်မှု များကြောင့် ဖြစ်ပေါ် လာရပြီး နိုင်ငံတော်၏ အခွန်ရငွေနှင့် တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP နှုန်းထားများမှာလည်း များစွာနိမ့်ကျသွားကြောင်း ပညာရှင်များက လေ့လာသုံးသပ်ခန့်မှန်းကြသည်ကို သိရှိရပါကြောင်း။

အာဆီယံစံနှုန်းအနေဖြင့် အခွန်နှင့် GDP အချိုးမှာလည်း အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းရှိရမည် ဖြစ်သော် လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်မှာ ၃.၇၂ ရာခိုင်နှုန်းခန့်သာရှိပြီး မြန်မာနိုင်ငံ၏ အခွန်ထမ်းဆောင်ပေးမည့် ဦးရေ အရေအတွက်မှာ ၂ ရာခိုင်နှုန်းအောက် ပမာဏသာ ရှိကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ရသင့် ရထိုက်သော အခွန်အခကို ပြည့်ဝစွာရရှိအောင် ဆောင်ရွက်နိုင်မှသာ ငွေကြေးဖောင်းပွမှုလည်း ကျဆင်း သွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း တိုးတက် ဆောင် ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအလိုက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို တိုးချဲ့ တည်ထောင်ပြီးသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ လည်းတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တို့ကိုလည်း လွှတ်တော်မှ အတည်ပြုပြီးဖြစ် ရာ ခေတ်စနစ်နှင့် ညီညွတ်သော အခွန်ဥပဒေများ ပြုပြင်ပြဋ္ဌာန်းရန် မိမိတို့ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် အခွန်ထမ်း သင့်သော ပြည်သူအားလုံး အခွန်ထမ်းဆောင်နိုင်ဖို့အတွက် ပညာပေးရှင်းလင်းမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်ပြီး Test Base လို့ခေါ် အခွန်ထမ်းဦးရေပမာဏတိုးပွားလာရေးအတွက်ကို Tax Rate ခေါ် အခွန်နှုန်း ထားသည် အမှန်တကယ် ထမ်းဆောင်နိုင်မယ့် နှုန်းထားဖြစ်အောင် ကျွန်တော်တို့ ပြန်လည်ပြုပြင်သင့်ပါကြောင်း၊

အခွန်ထမ်းပြည်သူများ၏ ထမ်းဆောင်သောအခွန်ပမာဏကို ကိန်းဂဏန်း အပိုင်းအခြား Tax Margin ဖြင့် ဖော်ပြပေးသင့်ပြီး၊ နှစ်စဉ် ကျပ်သန်း ၁၀၀၀ ထက် အခွန်ထမ်းစာရင်း၊ ကျပ်သန်း ၅၀၀ အထက် အခွန်ထမ်းစာရင်း၊ နိုင်ငံခြားငွေဖြစ်ပါက ဒေါ်လာသန်း ၁၀၀ ထက် အခွန်ထမ်းစာရင်းစသည့် အခွန်ထမ်း စာရင်းများကို အများပြည်သူသိရှိနိုင်စေရန် ကြေညာပေးသင့်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြီးခဲ့သည့်နှစ်မှစပြီး အများဆုံး အခွန်ထမ်းစာရင်း ၅၀၀ ကြေညာခဲ့သော်လည်း မည်သည်‌့ ပမာဏ ထမ်းဆောင်ကြောင်း ကို ဖော်ပြထားခြင်းမရှိခဲ့ပါကြောင်း၊ ဥပမာအားဖြင့် ကုမ္ပဏီကြီးတစ်ခုမှ ကျပ်သန်း ၁၀၀၀ အခွန်ထမ်းဆောင် မည့် နေရာတွင် သန်း ၁၀၀ သာ ထမ်းနိုင်ပါက နိုင်ငံတော်အတွက် နစ်နာပါကြောင်း၊ သို့ဖြစ်ပါ၍ Tax Margin ကိုလည်း ဖော်ပြပေးသင့်ကြောင်း။

ထိုပြင် အခွန်ထမ်းစာရင်းကို ပြည့်စုံတိကျစွာဖော်ပြခြင်းအားဖြင့် အခွန်တိမ်းရှောင်မှုစာရင်းလည်း ပေါ်ထွက် လာမည်ဖြစ်ရာ ၎င်းတို့ကို လိုအပ်သလို ပညာပေးမှုများ ပြုလုပ်ခြင်းရှိ/မရှိ၊ နှစ်စဉ် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ပမာဏနှင့် လုပ်ငန်းခွင်ကဏ္ဍအလိုက် ဖော်ဆောင်မည့်စီမံကိန်းများကို ပြည်သူ့များထံ ကြိုတင် အသိပေး ကြေညာနိုင်ခြင်း၊ ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။