(ဂ)-ရေသေချာသောဒေသအသီးသီးတွင်စက်မှု လယ်ယာစနစ်လယ်ကွက်များဖော်ထုတ်ပေးရန်နှင့် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်ခြင်းအတွက် ကုန်ကျစရိတ်အား နှစ်ရှည်ချေးငွေများ ထုတ်ပေးပြီး အရစ်ကျ ပေးသွင်း စေသည့်နည်းလမ်းဖြင့်ဆောင် ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးသန်းမြင့် (ဝမ်းတွင်း)လက်ရှိအ‌ခြေအနေအရ နေပြည်တော်တွင်ခြေပြုပြီးမှ စက်မှုလယ်ယာစနစ် လယ်ကွက်များ ဖော်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ သီးနှံအထွက်နှုန်းများ အထူးကောင်းမွန်ပြီး အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ ပိုးမွှားရောဂါ အချိန်မီကာကွယ်နှိမ်နင်းနိုင်ခြင်း၊ ရေသွင်း/ရေထုတ်ကောင်းမွန်ခြင်း၊ ကုန်ထုတ်လမ်းများဖောက် လုပ်နိုင်ရန် အချိန်မရွေး သွားလာဆောင်ရွက်နိုင်ခြင်းများကြောင့် တောင်သူ လယ်သမားများနှင့် နိုင်ငံတော်၏သီးနှံ ထုတ်လုပ်မှုစွမ်းအားများ မြင့်မားလာသည်ကို တွေ့ရှိရသည့်အတွက် စက်မှုလယ်ယာစနစ် လယ်ကွက် များ ဖော်ထုတ်စိုက်ပျိုးခြင်းနှင့် စက်ကိရိယာများ စွမ်းအားပြည့် အသုံး ပြုနိုင်ခြင်း၊ ရေကိုလိုသလို သွင်းထုတ်ပြုလုပ်နိုင်ခြင်း၊ သီးနှံအထွက်နှုန်းများကို တိုးတက်စေနိုင်ခြင်း၊ အရည်သွေးကောင်းသီးနှံများ ရရှိနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်နိုင်မှုစရိတ် လျော့ကျစေနိုင်ခြင်း၊  တိုးချဲ့စိုက်ပျိုးနိုင်၍ တောင်သူများ ဝင်ငွေတိုးစေခြင်းများ ရရှိကြောင်း လေ့လာသိရှိရပါသည်။ သို့သော် ဆင်းရဲသား တောင်သူလယ်သမားများအတွက် အရင်းအနှီး လုံလောက်မှုမရှိခြင်း၊ စက်မှုလယ်ယာစနစ်များ ဖော်ထုတ်ရာတွင် တစ်ဧကလျှင် ကျပ်တစ်သိန်း‌ခြောက်သောင်းခန့် ကုန်ကျမည်ဖြစ်သည့်အတွက် တစ်နိုင်တစ်ပိုင်တောင်သူလယ်သမားများ လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် အရင်းအနှီးငွေကြေးနှင့် လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲများတွေ့ကြုံနေရပါကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာစနစ် လယ်ကွက်များ နိုင်ငံအနှံ့ဆောင်ရွက်နိုင်မှု အ‌ခြေအနေအားနည်းနေသည့် အနေအထား တွေ့ရှိနေရပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရေသေချာသည့် ဒေသအသီးသီးတွင် စက်မှုလယ်ယာစနစ် လယ်ကွက်များ အရှိန်အဟုန်အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိနှင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် ဆောင်ရွက်နိုင်ရန် နှစ်ရှည်ချေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။