(ခ)-ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက်နိုင်ငံတော်မှမည်သည့်အကူ အညီများပေး၍ ပြည်ပအလုပ်အကိုင်ရှာဖွေရေးကိုယ် စားလှယ်လုပ်ငန်းများကို မည်ကဲ့သို့ထိန်းသိမ်းကြပ် မတ်နေကြောင်းသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေခြင်းကြောင့် ပြည်ပနိုင်ငံများတွင် နည်းလမ်းမျိုးစုံနှင့် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားဦးရေ ၅ သိန်းကျော်ခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ နိုင်ငံတကာကို သွားရောက်လုပ်ကိုင်နေကြသော အလုပ်သမားများသည် ပုံစံအမျိုးမျိုးနှင့် သွားရောက်လုပ်ကိုင်နေကြရာ အချို့သည် ပြည်တွင်းပွဲစားများ၊ ပြည်တွင်းရှိ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် သွားရောက်လုပ်ကိုင်ကြခြင်းများ ရှိကြပါကြောင်း၊ အထူးသဖြင့် မြို့နယ်များတွင် ရုံးခန်းများလာရောက်ဖွင့်ပြီး လပေးနှစ်ချုပ်များ ငှားရမ်းလုပ်ကိုင်သည့် ပြည်တွင်းအလုပ်လုပ်နိုင်သော လူငယ်၊ လူရွယ်များကို ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဆောင်ရွက်ပေးသော အေဂျင်စီအချို့ရှိပါကြောင်း၊ အချို့ကိုယ်စားလှယ်လုပ်ငန်းများမှာ မှန်ကန်စွာ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသော်လည်း အချို့ကိုယ်စားလှယ်လုပ်ငန်းများသည် မမှန်မကန်ဆောင် ရွက်လျက်ရှိကြပြီး လုပ်ငန်းများ တိကျစွာ ပြောဆိုမှု မရှိခြင်း၊ ပြည်ပနိုင်ငံရောက်မှ ပိုမိုပင်ပန်းသော လုပ်ငန်းများဆောင်ရွက်နေကြရခြင်း၊ မူလသဘောတူပြီးသော လုပ်ခ၊ လခများ မရရှိခြင်းနှင့် လူမှုဖူလုံရေးခံစားခွင့်များ လုံးဝမရရှိခြင်း၊ မတော်တဆ သေဆုံးသူများ ရှိနေခြင်းတို့ကို ကြားသိနေရပါကြောင်း၊ အချို့အေဂျင်စီများသည် ရုံးခန်းကိုဗန်းပြပြီး နယ်မှ ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများကို မတ်လုံးပေးစည်းရုံးပြီး ငွေကြေးလိမ်လည်မှုများလည်း ရှိကြပါကြောင်း၊ ရိုသားသော လူငယ်၊ လူရွယ်များနှင့် တောင်သူလယ်သမားများမှာ လယ်ယာမြေများ ပေါင်နှံရောင်းချရသဖြင့် လယ်ယာမဲ့ဘဝ ရောက်ရှိနေကြရသည်ကိုလည်း ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၀ တွင် နိုင်ငံခြား တိုင်းတစ်ပါးနှင့် ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ၊ နိုင်ငံတော်က ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်ဟု ဆိုထားပါသဖြင့် (၁) ပြည်ပလုပ်ကိုင်ရှာဖွေရေး ကိုယ်စားလှယ်လုပ်ငန်း မည်၍မည်မျှ တရားဝင်မှတ်ပုံတင်ထားသည်၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကိုယ်စားလှယ်လုပ်ငန်းများမှ ပြည်ပနိုင်ငံများတွင် အလုပ်သမားမည်မျှ သွားရောက်လုပ်ကိုင်နေသည်၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအတွက် နိုင်ငံတော်မှ မည်သည့်အကူအညီများပေးနေသည်နှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးကိုယ်စားလှယ် လုပ်ငန်းများကို မည်ကဲ့သို့ ထိမ်းသိမ်းကြပ်မတ်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။