(ခ)-နယ်မှလာသည့် မော်တော်ယာဉ်များကိုမြို့များမှ ယာဉ်များ၏ မြို့ဝင်ကြေးနှုန်းထားအတိုင်း တူညီစွာ သတ်မှတ်ပေးရန်သို့မဟုတ်မြို့တော်နယ်နိမိတ်ပြင် ပရှိယာဉ်များ၏တန်ဖိုးနှုန်းထားအတိုင်းပြင်ဆင်ပေး ရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးကြင်သိန်း(ပဲခူး မဲဆန္ဒနယ်) (1370)ရန်ကုန်မြို့သည် နိုင်ငံတော်၏ အဓိကအချက်အချာကြသော စီးပွားရေးမြို့တော်အဖြစ် ရပ်တည်လျက်ရှိပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများသည်လည်း ရန်ကုန်မြို့နှင့် ကင်းကွာ၍ မရပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေး လွယ်ကူလာသည့်အပြင် နိုင်ငံတော်၏ အဖြေလျော့မှုအစီအစဉ်ကြောင့် ပြည်သူများအနေဖြင့် အဖိုးနည်းဝင်ဘာကားများစီးနိုင်ကြပြီး ပုဂ္ဂလိကကိုယ်ပိုင်သုံးစွဲမှု တိုးတက်များပြားလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပမှ မော်တော်ယာဉ်များအနက် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မော်တော်ယာဉ်များသည် ရန်ကုန်မြို့အတွင်း ဝင်ရောက်ရပ်နား မောင်းနှင်ပြေးဆွဲမှုများ ယခင်ကထက် ပိုမိုများပြားလျက်ရှိပါကြောင်း၊ အဆိုပါမော်တော်ယာဉ်များကို စိစစ်ကြပ်မတ်ရန် လိုအပ်သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၆-၁၁-၂၀၁၄ ရက်နေ့မှစပြီး နှုန်းထားသုံးမျိုးနှင့် သတ်မှတ်ပြီးကာ မြို့ဝင်ကြေးကောက်ခံလျက်ရှိပါကြောင်း၊ မြို့ဝင်ကြေးကောက်ခံမှုမှာ တစ်ရက်ကို မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့များအတွက် ၁ တန်အောက်ကားကို ၁၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားကို ၄၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားကို ၅၀၀ ကျပ်ကောက်ခံလျက်ရှိပါကြောင်း၊ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိမြို့များမှ ကားများကို ၁ တန်အောက်ကားများကို ၂၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားများကို ၄၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားများကို ၆၀၀ ကျပ်ကောက်ခံပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကားများကို ၁ တန်အောက်ကားများကို ၂၀၀၀ ကျပ်၊ ၁ တန်မှ ၃ တန်အထိကားများကို ၄၀၀၀ ကျပ်နှင့် ၃ တန်မှ ၅ တန်အထိကားများကို ၆၀၀၀ ကျပ်၊ ၅ တန်အထက်ကားများကို ၁၀၀၀၀ ကျပ်ကောက်ခံလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးမျိုးသော အခွန်အခများကို ကောက်ခံရခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော တာဝန်ဖြစ်ပြီး လုံးဝဖျက်သိမ်းရန် မသင့်ပါကြောင်း၊ သို့ရာတွင် သင့်တင့်သောအခွန်အခများ ဖြစ်သင့်သည်ဟု ယူဆမိပါကြောင်း၊ ယခုအချိန်တွင် နယ်ဒေသများမှ လာရောက်သောကားများသည် မြို့ဝင်ကြေးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်မှလာရောက်သော မော်တော်ယာဉ်များကို မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မော်တော်ယာဉ်များ မြို့ဝင်ကြေးပေးသည့်နှုန်း သို့မဟုတ် မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် ပြင်ပရှိ မော်တော်ယာဉ်များကို ကောက်ခံသည့်နှုန်းအတိုင်း ပြောင်းလဲသတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။