(ဃ)- ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အတွက်သက်ဆိုင်ရာတည်ဆဲဥပဒေများကိုခေတ် စနစ်နှင့် အညီ ပြန်လည်ပြုစု ပြဋ္ဌာန်းရန်နှင့် ယာဉ်မောင်း လိုင်စင်များ ထုတ်ပေးနိုင်မှု အခြေ အနေတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-19
မေးခွန်း အကြောင်းအရာ 

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်စီးရေတိုးတက်မှုသည် ၁၉၉၅ မှ ၂၀၁၃ ခုနှစ်ထိ ၃၇၀၀၀၀၀ သိန်းလောက်ထိရောက်ရှိ ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်အရ ယာဉ်ထိခိုက်သေဆုံးမှုသည် ကမ္ဘာ့အဆင့် ၉ ရောက်ဖြစ်ပြီး အသက် ၁၅ နှစ် မှ ၂၄ နှစ်အထိ အရွယ်များ လမ်းပေါ်သေဆုံးမှုသည် ကမ္ဘာ့အဆင့် ၁ ကို ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ယင်းသို့ဖြစ်ပေါ်နေမှုများသည် နိုင်ငံတွင် တစ်နိုင်ငံလုံးပြုပြင်ပြောင်းလဲမှု စီးပွားရေး အရှိန်အဟုန်နှင့် တိုးတက်နေခြင်းကို ကြီးစွာသောအဟန့်အတားဖြစ်နေ ပြီဖြစ်ပါကြောင်း၊  ထို့ပြင် ယာဉ်ပိတ်ဆို့မှုအန္တရာယ်ကိုလည်း  ကြုံတွေ့နေရပြီဖြစ်ရာ ယာဉ်ပိတ်ဆို့ရခြင်း အကြောင်းများစွာရှိသည့်အနက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှု၊ စနစ်တကျထိန်းသိမ်းမှု အားနည်းမှု များကြောင့်ဖြစ်ပါကြောင်း၊ အကြောင်းမဲ့ယာဉ်ပိတ်ဆို့ခြင်းဖြင့် အချိန်များ၊ စက်မောင်းဆီများ အင်မတန်များပြားစွာ ကုန်ကျနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်  မော်တော် ယာဉ်များ  မော်တော်ဆိုင်ကယ်များ တိုးပွားလာခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အလွန်အားနည်းခြင်းများသည် ယာဉ်ထိခိုက်သေဆုံးရခြင်း၏ အချက်တစ်ရပ်ဖြစ်သည်ဟု မိမိယူဆပါကြောင်း၊ ထိုသို့သောအခြေအနေများသည် နိုင်ငံ့စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားတွေဖြစ်လာသည့် အခါမှာ ပြုပြင်ဖို့လိုအပ်နေပြီဟု ယူဆပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တိုးတက်သော နိုင်ငံများတွင် ကျင့်သုံးနေသော လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို လေ့လာရမည်ဖြစ်ပါကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံ များတွင်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သတ်ပြီး အများကြီးပြုပြင်ပြောင်းလဲနေသည့် အနေအထားများကို တွေ့ရပါကြောင်း၊ ဥပမာ ဘန်ကောက်တွင် လမ်းမကြီးပေါ်မှ သွားလာနေသော ကားများသည် လမ်းသွယမှထွကသောကားများကို ဦးစားပေးရခြင်း၊ လမ်းသွယ်ထဲမှထွက်လာသော ကားများကို ဦးစားပေးရခြင်း၊ အချိန်နဲ့ High Traffic ဖြစ်ပေါ်နေသောအချိန်များတွင် အရေးပေါ်လမ်းကြောင်းအဖြစ် Ambulance ကားများ၊ မီးသတ်ကားများ သွားလာရန်လမ်းကြောင်းတစ်ကြောင်း စီစဉ်ပေးထားခြင်း၊ ဗီယက်နမ်နိုင်ငံမှာ ဟိုချီမင်း၊ ဟနွိုင်းမြို့များတွင် မိမိတို့နိုင်ငံ ထက်များပြားလာသော ဆိုင်ကယ်များအား မည်သို့မည်ပုံထိန်း သိမ်းသည်ကို လေ့လာရန်လိုပါကြောင်း၊ တတ်ကျွမ်းနားလည်သောပုဂ္ဂိုလ်များနှင့် ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပိုမိုစနစ်တကျ ထိန်းသိမ်းနိုင်ရေး အတွက် သက်ဆိုင်ရာတည်ဆဲဥပဒေများကို ခေတ်စနစ်နှင့် အညီ ပြန်လည်ပြု စုပြဋ္ဌာန်းရန် အစီအစဉ်ရှိ/မရှိ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအတွက် ယာဉ်မောင်း လိုင်စင်များ ထုတ်ပေးနိုင်မှု အခြေအနေ၊ တိုးပွားလာနေသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအတွက် ယာဉ်ထိန်း ရဲများနှင့် စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုယာဉ်များ၊ ဆက်သွယ်ရေးကိရိယာများ တိုးချဲ့ခန့်ထား စီစဉ်ဆောင်ရွက်ပေးနိုင်မှု အခြေအ‌ေနေများကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။