(ခ)-အခြေခံပညာကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ ဆရာ/မများရာထူးတိုးခန့်ထားခြင်း၊ပြောင်းရွှေ့ခြင်း များကို ကျောင်းသားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-19

ဦးသိန်းထွန်း (ကျောင်းကုန်း)အခြေခံပညာကျောင်းများအဆင့်မြှင့်တင်ခြင်းတွင် မူလတန်းကျောင်းမှ မူလတန်းလွန်ကျောင်း၊ မူလတန်းလွန်ကျောင်းမှ အလယ်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲမှ အထက်တန်းကျောင်းခွဲ၊ အထက်တန်းကျောင်းခွဲမှ အထက်တန်းကျောင်းစသည်ဖြင့် တိုးမြှင့်သတ်မှတ် သည့်နေရာတွင် ကျောင်းဖွင့်ရက်ပြီးမှသာ အဆင့်တိုးမြှင့်   ကြသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ကျောင်းဖွင့်ပြီးမှ အဆင့်တိုးမြှင့်ပေးသည့်အတွက် ကျောင်းသားများ အနေဖြင့် ကျောင်းပြောင်းကျောင်းရွှေ့ရာ၌ အခက်အခဲများစွာ တွေ့ရှိနေရပါကြောင်း၊ ကျောင်းအဆင့် မြှင့်တင်ပြီး ဆရာ/ဆရာမများလည်း တစ်ပြိုင်တည်း ခန့်ထားပေးနိုင်ခြင်း မရှိသည့်အတွက် ကျောင်းအဆင့်မြှင့်တင်ခြင်းသည် စာသင်ကြားရေး၌ အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း၊ အထက်တန်းအဆင့်များသည် အရေးကြီးသော အတန်းများဖြစ်သည့်အတွက် ဆရာ/ဆရာမများ လုံလောက်ရန် အဓိကကျပါကြောင်း၊ အထက်တန်းအဆင့် စာမေးပွဲများသည် ကျောင်းသားများ၏ ဘဝတစ်သက်တာအတွက် အဆုံးအဖြတ်ပေးရသည့် အခြေအနေဖြစ်ပါကြောင်း၊ မြို့ပေါ်ရှိ ကျောင်းများတွင် ဆရာဆရာမများ အလုံအလောက်ရှိသော်လည်း နယ်ကျောင်းများတွင် မူလတန်းကျောင်း မှအစ၍ ဆရာဆရာမများ လုံလောက်မှုမရှိပါကြောင်း၊ ရာထူးပြောင်းရွှေ့မှုများကြောင့် မူလတန်း ကျောင်းများတွင် ကျောင်းအုပ်များလစ်လပ်နေခြင်း၊ ရာထူးတိုး အလယ်တန်းကျောင်းအုပ်မှ အလုပ်မဝင်၍ လစ်လပ်မှုကို ယနေ့အချိန်ထိ ခန့်ထားပေးနိုင်ခြင်းမရှိခြင်း၊ အချို့ အထက်တန်းကျောင်းခွဲများတွင် အထက်တန်းပြဆရာ ၃ ဦးခန့်သာရှိ၍ သင်ကြားမှုတွင် အခက်အခဲများရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများ အဆင့်မြှင့်တင်ခြင်း၊ ဆရာဆရာမများ ရာထူးတိုးခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းများကို ကျောင်းသားများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။