(ဃ)-ရှမ်းပြည်နယ် ကာလိမြို့တွင် ၃၃/၁၁ KV ၅ MVA ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်၍လျှပ်စစ် မီး ဖြန့်ဖြူးပေးရန်နှင့် ကွန်ဟိန်းမြို့နယ်မှ ကာလိ/ တာကောရွာအထိ/ အတွင်းသို့ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-19

ရှမ်းပြည်နယ်ရှိ ကာလိမြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်၍ လျှပ်စစ်မီးဖြန့်ဖြူးပေးရန်၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို နိုင်ငံတော်နှင့် လက်ရှိအကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်ထံမှ ပြန်လည်ရုပ်သိမ်း၍ အစိုးရက စီမံပေးရန်နှင့် ကွန်ဟိန်းမြို့နယ်မှ ကာလိ/တာကောရွာအထိ/ အတွင်းရှိ ကျေးရွာ/ ရပ်ကွက်များသို့ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒေါ်နန်းဝါနု ( ကွန်ဟိန်း မဲဆန္ဒနယ်) (1427)၂၇-၈-၂၀၁၄ ရက်စွဲဖြင့် ကာလိမြို့ရှိ ပြည်သူ ၁၂၇၉ ဦးက ကျိုင်းတောင်းလျှပ်စစ်မီးသည် ကွန်ဟိန်းမြို့သို့ ရောက်ရှိဖြန့်ဖြူးနေသည်ကို ကာလိမြို့တွင်နေထိုင်သော ပြည်သူများကလည်း အဆိုပါ ကျိုင်းတောင်း လျှပ်စစ်မီးကို အစိုးရဈေးနှုန်းဖြင့် သုံးစွဲလိုပါသဖြင့် ကာလိမြို့သို့လည်း ဖြန့်ဖြူးပေးပါရန် လက်မှတ်ရေးထိုး တင်ပြလာပါကြောင်း၊ ၃၀-၈-၂၀၁၄ ရက်စွဲဖြင့် ကာလိမြို့နေပြည်သူများက ကွန်ဟိန်းမြို့နယ်အတွင်း ကွန်ဟိန်းမြို့နယ်ပြည်သူများက လျှပ်စစ်ဓာတ်အားပေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ရာ နိုင်ငံတော်က နစ်နာမှုရှိနေခြင်း၊ မီးအားသုံးစွဲသည့်ပြည်သူများနှင့် ပြေလည်မှုမရှိခြင်း၊ ပြည်သူများအခက်အခဲမျိုးစုံ တွေ့ကြုံနေရခြင်း၊ ကွန်ဟိန်းမြို့ ရပ်ကွက် ၅၊ အမှတ်က ၃ လမ်းတွင်နေထိုင်သော အုပ်ချုပ်ရေးမှူးနှင့်တကွ ပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ တိုင်စိုက်ထူခြင်း၊ မီးကြိုးသွယ်တန်းခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းထံ အကူအညီတောင်းသော်လည်း မရရှိသဖြင့် ကွန်ဟိန်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းကို နိုင်ငံတော်အစိုးရကသာ ချောမွေ့လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးကို  စီမံခန့်ခွဲပေးပါရန် တင်ပြလာပါကြောင်း၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စုရှိ ဝမ်ပန်ကျေးရွာ၊ နမ့်ခမ်းကျေးရွာနှင့် သိမ်ဖျံကျေးရွာရှိ ပြည်သူများကလည်း လျှပ်စစ်သွယ်တန်းရာ လမ်းတစ်လျောက်တွင် တည်ရှိနေသောကြောင့် ကျိုင်းတောင်း ရေအားလျှပ်စစ်မီးရရှိနိုင်ရေး တင်ပြလာကြပါကြောင်း၊ ပြည်သူများတင်ပြလာသည့် အဆိုပါ စာ ၃ စောင်အား ဝန်ကြီးဌာနသို့ ပူးတွဲပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ကာလိမြို့နေ ပြည်သူ ၁၂၇၉ ဦးက တောင်းဆိုသည့်အတိုင်း ကာလိမြို့တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲ ရုံတစ်ရုံတည်ဆောက်၍ ကာလိမြို့သို့ ကျိုင်းတောင်းလျှပ်စစ်မီးကို အစိုးရ‌ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးပါရန် အစီအစဉ် ရှိ/မရှိ၊ (ခ) ကွန်ဟိန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းကို နိုင်ငံတော်နှင့် လက်ရှိအကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်ထံမှ ပြန်လည်ရုပ်သိမ်း၍ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲမှု ပေးနိုင်ခြင်းရှိ/မရှိ၊ (ဂ) ကွန်ဟိန်းမြို့နယ်မှ ကာလိ/တာကောရွာအထိ၊ ၎င်းအတွင်းရှိ ကျေးရွာ/ရပ်ကွက်များသို့လည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိနှင့်  ပြုလုပ်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။