(စ)-သိန္နီမြို့ ရှောင်ကွင်းလမ်းကို ဖောက်လုပ်ပေး ရန်နှင့် မြို့ရှောင်ကွင်းလမ်း မဖောက်လုပ်မီ ယာဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက်မည်ကဲ့သို့ဆောင် ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးစိုင်းဝင်းခိုင် (သိန္နီ)သိန္နီသည် မန္တလေး-လားရှိုး-မူဆယ်လမ်းနှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းခွဲ ပြည်ထောင်စုလမ်းမကြီး တည်ရှိပြီး နေ့စဉ် ပျမ်းမျှယာဉ် အစီးရေ ၃၅၀၀ စီးခန့် ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊

သိန္နီ-ကွတ်ခိုင်-ကွမ်းလုံ လမ်းခွဲရှိ အချိုးအကွေ့လမ်းသည် မတ်စောက်သော ကုန်းစောင်းဖြစ်ခြင်း၊ ထောင့်ချိုးလမ်း (အယ်လ်ကွေ့)ဖြစ်ခြင်း၊ လမ်းကျဉ်းခြင်းများကြောင့် နှစ်စဉ်နှစ်တိုင်း ယာဉ်မတော်တဆမှုများ ကြုံတွေ့ရပြီး လူသေဆုံးမှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၂၀၁၅ ဖေဖော်ဝါရီလ  ၁၂ ရက်နေ့ မနက် ၂ နာရီအချိန်တွင် သိန္နီ-ကွတ်ခိုင်-ကွမ်းလုံ လမ်းခွဲ၌ မူဆယ်မှ ဓာတ်မြေသြဇာတင်လာသော ကုန်တင်ယာဉ်တွဲ သည် အရှိန်မထိန်းနိုင်ဘဲ ရက်ကွက်(၄)နေ ဦးစိုင်းလှမောင်၏ နေအိမ်ဆီသို့ ဝင်ရောက်တိုက်မိကာ အိမ်ကြီးတစ်ခုလုံးနှင့် ကားကြီးတစ်ခုလုံး ရစရာမရှိဘဲ ပျက်စီးသွားခဲ့ရသည့်အပြင် ယာဉ်မောင်းနှင့် အိမ်ထဲမှာအိပ်နေသော အိမ်ပိုင်ရှင် ဦးစိုင်းလှမောင်သည်လည်း ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါကြောင်း၊ အကယ်၍ မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးခြင်းမရှိပါက ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ ထပ်မံကြုံတွေ့နိုင်ဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် (က) ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေးအတွက် သိန္နီမြို့ရှောင်လမ်းကို ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ။ (ခ) ယာဉ်အန္တရာယ်ကြောင့် ကျန်ရစ်သူ၊ နစ်နာသူ မိသားစုပြည်သူများအတွက် မည်သို့တာဝန်ယူ ကူညီဆောင်ရွက်ပေးမည်နှင့် (ဂ) မြို့ရှောင်လမ်းကွင်းလမ်း မဖောက်လုပ်‌နိုင်သေးမီ ယာဉ်အန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။