(င)-ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ကာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မြန်မာ့ အ ကျဉ်းထောင် များ အက်ဥပဒေကို ပြင်ဆင်ရေးဆွဲ၍ တင်ပြရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-19

ဦးသိန်းညွန့် (သင်္ဃန်းကျွန်း)အကျဉ်းထောင်များကို ၁၈၉၄ ခုနှစ်၊ အကျဉ်းထောင်များအက်ဥပဒေ၊ မြန်မာနိုင်ငံဥပဒေအမှတ် ၉၊ ၁၉၀၀ ပြည့်နှစ်၊ အကျဉ်းသားများအက်ဥပဒေ၊ မြန်မာနိုင်ငံဥပဒေအမှတ် ၃၊ ၁၉၂၀ အကျဉ်းသားများစိစစ်မှတ်ပုံတင်ခြင်း ဥပဒေ၊ မြန်မာနိုင်ငံဥပဒေ အမှတ် ၃၃ တို့ဖြင်‌့ ဥပဒေ သုံးရပ်ပြဋ္ဌာန်းပြီး ဆောင်ရွက်သည့်အပြင် ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ၏ အမိန့်ဖြင့် အကျဉ်းထောင်လက်စွဲဥပဒေကိုလည်း ထုတ်ပြန်ပြီး အကျဉ်းထောင်ကိစ္စများကို စီမံခန့်ခွဲခဲ့ပါကြောင်း၊  သို့သော် ဒီနေ့မြန်မာနိုင်ငံ အကျဉ်ထောင်နဲ့ပတ်သက်ပြီး အကျဉ်းသား တွေရဲ့လူဖြစ် တည်ရှိမှုကို စိန်ခေါ်နေတဲ့အချက်များနှင့်ပတ်သက်၍ ဦးနု၊ ဟံသာဝတီ ဦးဝင်းတင် အနုပညာသည်ကြီး ကိုဇာဂနာတို့ကလည်း အကျဉ်းထောင်၏ အခက်အခဲများကို စာဖြင့် မှတ်တမ်းတင်ဖော်ပြခဲ့ပါကြောင်း။

အမှန်အားဖြင့် အကျဉ်းထောင်နှင့်ပတ်သက်၍ အကျဉ်းသားများကို ပုံစံထား ခိုင်းသည်ကိစ္စကို ဖျက်သိမ်းပစ်ရမည်ဖြစ်သော်လည်း  တစ်ကယ်ဖျက်သိမ်းခဲ့သည်က နိုင်ငံရေး၊ ပညာ အရည်အချင်းအရ၊ ဂုဏ်သိက္ခာရှိသော လူများကိုထားသည့် B Class ၊ A Class၊ B Class ကိုဖြတ်သိမ်းခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်မေးမြန်းလိုသည်မှာ ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြန်မာ့အကျဉ်းထောင်များ အက်ဥပဒေ ပြင်ဆင်ရေးဆွဲပြီး တင်ပြရန်အစီအစဉ်ရှိ၊မရှိနှင့် ရှိပါက ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်းတင်ပြရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် အစီအစဉ်မရှိပါက The Prisons Act 1894 အကျဉ်းထောင်လက်စွဲဥပဒေနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများအား A၊ B၊ C  အတန်းအစား သုံးမျိုးခွဲခြားပြီး ခေတ်ကာလသတ်မှတ်ချက် နှင့်အညီ အစားအသောက်၊ အနေအထိုင်၊ ဆေးဝါးကုသမှုကို အကျဉ်းသားများက နိုင်ငံရေးနှင့် လူမှု အဆင့်အတန်းအရ ပြန်လည်သတ်မှတ်ပေးနိုင်ခြင်းရှိမရှိ၊ ယင်းသို့ သတ်မှတ်နိုင်ရန်အတွက် အတန်း အစားခွဲခြားမှုကို ဖျတ်သိမ်းခဲ့သော ၁၄-၁-၁၉၆၄ အမိန့်ကြော်ငြာစာအမှတ် ၂ ကို ပြန်လည်ရုပ်သိမ်း နိုင်ခြင်းရှိ၊မရှိကို သိရှိလိုကြောင်းမေးမြန်းပါသည်။